မြို့သစ် စက်တင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စက်တင်ဘာလဆန်းပိုင်းမှစတင်၍ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် ဆဒ္ဒန်ဆည်၊ စွန်ဆည်နှင့် ပုလင်းဆည်ရေလှောင်တမံရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၅၆၀ ဒသမ ၅၀)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၅၆၅ ဒသမ ၅၀)ပေရှိသည့်အတွက် ရေပိုလွှဲမှ (ငါးပေခန့်)၊ စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၂၅) ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၆၂၇ ဒသမ ၈၀) ပေရှိသည့်အတွက် (၂ ဒသမ ၈ ပေခန့်)၊ ပုလင်းဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၈၅)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၆၈၆) ပေရှိသည့်အတွက် ရေပိုလွှဲမှ (တစ်ပေခန့်) ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း၊ ဆဒ္ဒန်ဆည်၊ စွန်ဆည်နှင့် ပုလင်းဆည်ရေလှောင်တမံရေပိုလွှဲတို့မှ ရေကျော်ကျမှုရှိသော်လည်း ဆည်၏ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာအခြေအနေမရှိကြောင်းနှင့် ဆည်အခြေအနေနှင့်ပတ်သက်၍ ဝန်ထမ်းများအား အလှည့်ကျရေကင်းတာဝန်ချထားကာ ဆည်အောက်ပိုင်းရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)