မကွေး စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ အချိန်ကာလအလျောက် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်တွက်ဆပြီး ကာကွယ်စောင့်ရှောက်ရေးအစီအမံများ စနစ်တကျပြုလုပ်ထားနိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်ကျရောက်လာသည့် အခြေအနေတွင် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ကူညီရေးလုပ်ငန်းများကို လျင်မြန်စွာနှင့် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် ယခုကဲ့သို့ အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်၊ မေလ (၁၄/၁၅) ရက်များတွင် ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းဝင်ရောက်မှုတွင် လုပ်ငန်းအဖွဲ့များအနေဖြင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းကြောင်းတွေ့ရှိရသည့်အတွက် သဘာဝဘေးဖြစ်ပေါ်လာပါက လုပ်ငန်းအဖွဲ့များအနေဖြင့် မိမိကဏ္ဍအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို တက်ကြွစွာဆောင်ရွက်ကြရန်ပြောလိုကြောင်း၊ မိုခါမုန်တိုင်းတိုက်ခတ်ခဲ့စဉ်အခါက ပြည်ထောင်စုတွင် DMC ရုံးအဖွဲ့ဖွဲ့စည်းခဲ့ပြီး ပူးပေါင်းအဖွဲ့များ (၂၄)နာရီ တာဝန်ချထားပြီး ဆောင်ရွက်ခဲ့သဖြင့် အချိန်တိုအတွင်း အချက်အလက်ရရှိ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တိုင်းဒေသကြီးတွင် DMC အဖွဲ့ ဖွဲ့စည်းထားသော်လည်း အချို့ဌာနများမှ ပူးပေါင်းဆောင်ရွက်မှုအားနည်းပြီး ဌာနအကြီးအကဲအနေဖြင့် ကြီးကြပ်ဆောင်ရွက်မှုအားနည်းသဖြင့် လုပ်ငန်းကြန့်ကြာမှုများ၊ အချက်အလက်မှားယွင်းမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ လုပ်ငန်းအဖွဲ့(၁၂)ရပ်အလိုက် မိမိတို့နှင့် သက်ဆိုင်သည့် ကဏ္ဍများအတွက် လူ၊ ပစ္စည်းကြိုတင်စုဖွဲ့ ပြင်ဆင်ဆောင်ရွက်ထားရှိရန်လိုအပ်ကြောင်း၊ မြေပြင်သတင်းအချက်အလက်များ ရယူခြင်းတွင် (ဘေးဖြစ်တတ်သည့် ဒေသများ၊ ရွှေ့ပြောင်းရန် ကြိုတင်ပြင်ဆင်မှုများ၊ ရွှေ့ပြောင်းမှုအစီအစဉ်၊ ထောက်ပံ့မည့်အစီအစဉ်)သက်ဆိုင်ရာ ခရိုင်/မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် လုပ်ငန်းတာဝန်ကို ပီပြင်စွာဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်သင့်ကြောင်း၊ ရေကြီးရေလျှံမှုဖြစ်ပွားလေ့ရှိသည့် ဒေသများအနေဖြင့် လူ၊ တိရိစ္ဆာန်များ ဘေးလွတ်ရာရွှေ့ပြောင်းရေးကို ဦးစားပေးဆောင်ရွက်ရန်နှင့် ရွှေ့ပြောင်းရာတွင် လိုအပ်သည့် ယာဉ်များအား ကြိုတင်စီစဉ် စုဖွဲ့ထားခြင်း၊ အရေးပေါ်လိုအပ်သည့် ရိက္ခာများစုဆောင်းခြင်းတို့ကို မြေပြင်နှင့်ကိုက်ညီသည့် စီမံချက်ပြုစု၍ အမြန်ဆုံးဆောင်ရွက်ကြရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် တည်မြဲအမိန့်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းကော်မတီများပေါင်းစပ်၍ စနစ်တကျစီမံ ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင် တိုင်းဒေသကြီးဝန်ကြီးများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့များဖြင့် စီမံခန့်ခွဲဆောင်ရွက်မှုအခြေအနေများအား သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းကော်မတီဝင်များမှ မိမိတို့ သက်ဆိုင်ရာ လုပ်ငန်းကော်မတီများအလိုက် ကြိုတင်စီမံဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြကာ သက်ဆိုင်ရာလုပ်ငန်းကော်မတီများမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်သင့်သည့် ကိစ္စများနှင့်စပ်လျဉ်း၍ အရေးပေါ် တုံ့ပြန်ရေး ဆောင်ရွက်ထားရှိသည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ပေးမည့်အခြေအနေများ၊ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ