မင်းဘူး စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် လူမှုဝန်ထမ်းရုံးက ကျား/မရေးရာ အခြေခံသဘောတရားများ Gender, CEDAW, NSPAW, UNSCR 1325 အသိပညာပေးခြင်း အစီအစဉ်ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ အသိပညာပေးအစီအစဉ်တွင် မင်းဘူးခရိုင် လူမှုဝန်ထမ်းရုံးမှ ဦးစီးမှူး ဒေါ်ခင်ဖြူဝင်းက ခရိုင်အတွင်း၌ ကျား/မရေးရာကဏ္ဍများ၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ အမျိုးသမီးအကြမ်းဖက်မှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် အမျိုးသမီးကိစ္စရပ်များအား ဖြေရှင်းဆောင်ရွက်ရာတွင် အမျိုးသမီးများ၏ အခွင့်အရေးများ၊ အမျိုးသမီးလုပ်ငန်းဆောင်ရွက်ချက် အခန်းကဏ္ဍများအား သိရှိနားလည်စေရန်နှင့် အမျိုးသမီးအကြမ်းဖက်ခံရမှုများရှိပါက ကူညီဖြေရှင်းပေးနိုင်မည့်အဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် အမျိုးသမီးများ၏အခွင့်အရေးများ၊ ကျား/မတန်းတူညီမျှမှုများ၊ အမျိုးသမီးလုပ်ငန်းဆောင်ရွက်ချက်များအား ပိုမိုသိရှိနားလည်စေပြီး အမျိုးသမီးကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအချင်းချင်း ချိတ်ဆက်မှု ပိုမိုအားကောင်းလာနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ခရိုင်လူမှုဝန်ထမ်းရုံးမှ ဦးစီးမှူးက ကျား/မရေးရာ(Gender)၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားပပျောက်မှုဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်(CEDAW)၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတတ်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (NSPAW)၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၁၃၂၅ (UNSCR-1325) စသည့် ခေါင်စဉ်များဖြင့် အသိပညာပေးဟောပြောနွေးဆွေးကာ အခမ်းအနားသို့ တက်ရောက်လာသော ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် အမျိုးသမီးအဖွဲ့အစည်းများ၏ သိရှိလိုသော မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီးနောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ဝေသော ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတာဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်မှု အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)