မင်းဘူး စက်တင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၌ ယခုရက်ပိုင်း နေ့စဉ် မိုးများအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေများ စီးဆင်းဝင်ရောက်မှုကြောင့် မန်းရွှေစက်တော်ဘုရားကြီးရှိ မန်းချောင်းအတွင်း၌ စက်တင်ဘာလ ၁၂ ရက်၊ ညနေ ၄ နာရီအချိန်မှစတင်ကာ မန်းချောင်းရေများ တဖြည်းဖြည်းတိုးမြင့်ဝင်ရောက်စီးဆင်းလျက်ရှိကြောင်း မန်းရွှေစက်တော် ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ စက်တင်ဘာလ ၉ ရက်နေ့မှစတင်ကာ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ရွှေစက်တော်မန်းချောင်းအတွင်း၌ မန်းချောင်းရေများ တဖြည်းဖြည်းတိုးမြင့်ဝင်ရောက်စီးဆင်းလျက်ရှိရာ ယခုလက်ရှိတွင် အောက်စက်တော်ရာ နဂါးအိုင်ဘက်ခြမ်းမှစ၍ ရင်ပြင်တော်အထက်သို့ မန်းချောင်းရေများစတင်ဝင်ရောက် စီးဆင်းနေပြီဖြစ်ကြောင်း၊ မန်းချောင်းအတွင်း ရေကြီးမှုဖြစ်ပွားရခြင်းမှာ မန်းရွှေစက်တော်ဘုရား အထက်ပိုင်းရှိဒေသများ၌ နေ့စဉ်မိုးများရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများက ပန်းထိမ်းမန်းချောင်းနှင့် ငဖဲမန်းချောင်းအတွင်းသို့ စီးဆင်းဝင်ရောက်ကာ အဆိုပါမန်းချောင်းများမှတစ်ဆင့် ရွှေစက်တော်မန်းချောင်းအတွင်းသို့ ဆက်လက်ဖြတ်သန်းစီးဆင်းခြင်းဖြစ်ကြောင်း၊ ယခုနှစ် ဩဂုတ်လ (လဆန်းပိုင်း) ကလည်း အောက်စက်တော်ရာ ရင်ပြင်အထက်သို့ မန်းချောင်းရေ ၅ ပေခန့် ဖြတ်ကျော်စီးဆင်းခဲ့ကြောင်း၊ မိုးများ၍ သာမာန်ရေကျော်ခဲ့ခြင်းဖြစ်သည့်အတွက် ဘုရားကြီးတွင်ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း မန်းရွှေစက်တော် ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောသည်။
ထို့အပြင် မန်းရွှေစက်တော်ဘုရားကြီးအထက်ပိုင်းရှိ ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံ၌ စက်တင်ဘာလ ၁၂ ရက်၊ ညနေ ၆ နာရီအချိန် တိုင်းထွာချက်အရ ပင်မရေပိုလွှဲမှ ၃ ဒသမ ၄ ပေခန့် ရေကျော်စီးဆင်းပြီး အဆိုပါမန်းချောင်းရေများက ရွှေစက်တော်မန်းချောင်းမှတစ်ဆင့် မင်းဘူး (စကု) မြို့နယ်အတွင်းသို့ ပိုမိုဖြတ်သန်းစီးဆင်းဝင်ရောက်လျက်ရှိကြောင်း၊ မိုးများအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ တောင်ကျချောင်းရေများ ထပ်မံစီးဆင်းဝင်ရောက်လာနိုင်သည့်အတွက် မန်းချောင်း အောက်ပိုင်းတစ်လျောက်တွင် နေထိုင်လျက်ရှိသော ဒေသခံပြည်သူများအနေဖြင့် အထူးသတိပြု နေထိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ မိုးရွာသွန်းမှုများကြောင့် မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် အချို့တွင် သစ်ပင်လဲကျမှုဖြစ်ပွားခြင်း၊ ဆက်သွယ်ရေးတိုင်နှင့် လျှပ်စစ်မီးတိုင်လဲကျမှုများဖြစ်ပွားခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)