လိပ်သိုဒေသထွက် ရာသီပေါ်ချဉ်ပေါင်ဖာလာများ ပေါ်ဦးစအချိန် ယမန်နှစ်ကထက် ဈေးပိုမိုရရှိ

လိပ်သို စက်တင်ဘာ ၁၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် နေထိုင်ကြသော ဒေသခံပြည်သူများမှာ  အဓိကစီးပွားရေးလုပ်ငန်းအဖြစ် ဖာလာပင်စိုက်ပျိုးခြင်းလုပ်ငန်းကို လုပ်ကိုင်ကြပြီး ရာသီပေါ်ချိန်တွင် ချဉ်ပေါင်ဖာလာသီးနှံများ ရင့်မှည့်လာပြီဖြစ်ရာ ဖာလာစိုက်တောင်သူများက ဩဂုတ်လနောက်ဆုံးအပတ်မှစတင်၍ အောက်တိုဘာလအထိ ဆွတ်ခူးကြပြီး ယခုနှစ်ရာသီအစတွင် ယမန်နှစ်ကထက် ဈေးပိုမိုရရှိနေသဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ချဉ်ပေါင်ဖာလာများကို ယမန်နှစ်က အခွံခြောက်တစ်ပိဿာလျှင် ကျပ် (၁၂၀၀ဝိ/-) သာ ရရှိသော်လည်း ယခုနှစ်စက်တင်ဘာလ ဒုတိယအပတ်တွင် လိပ်သိုမြို့ပေါ်၌ ချဉ်ပေါင်ဖာလာတစ်ပိဿာလျှင် ကျပ် (၁၅၀၀ဝိ/-) အထိ ရရှိနေကြောင်း သိရသည်။

ဖာလာစိုက်တောင်သူများမှာ ခူးယူရရှိလာသော ချဉ်ပေါင်ဖာလာသီးများကို အညှာခြွေ၍ သံဇကာကြီးများဖြင့် အခွံအဝါရောင်သန်းပြီး ခြောက်သည်အထိ မီးဖြင့် လှော်ရကြောင်း၊ လှော်ထားပြီးသော ဖာလာများကို မှိုမတက်အောင် အအေးခံထားပြီးမှ သိုလှောင်သိမ်းဆည်းကြကြောင်း၊ အချို့က ဖာလာသီးများကို အခွံခွာ၍ အစေ့ခြောက်ပြုလုပ်ကာ ရောင်းချကြကြောင်း ဖာလာစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

ခင်လေးနွယ်(လိပ်သို)