ကြို့ပင်ကောက် စက်တင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကျင်းပချိန်တွင် အသက် (၁၈) ပြည့်မည့် မဲပေးပိုင်ခွင့်ရှိသော ကျောင်းသားကျောင်းသူလူငယ်လေးများ ရွေးကောက်ပွဲဆိုင်ရာအသိပညာဗဟုသုတများရရှိစေရန်အတွက် အသိပညာပေးဟောပြာပွဲကို အ.ထ.က(ကြို့ပင်ကောက်)ကျောင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးက အခမ်းအနားတက်ရောက်လာကြသော ကျောင်းသားကျောင်းသူလူငယ်လေးများအား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာပုံ၊ နိုင်ငံတော်တွင်ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများနှင့်နိုင်ငံတော်အစိုးရမှဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရှေးလုပ်ငန်းစဉ်များချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို အကျယ်တဝင့်ရှင်းလင်းအသိပညာပေးပြောကြားပြီး သာယာဝတီခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမော်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲနှင့်ပထမအကြိမ်မဲပေးကြမည့် လူငယ်များအခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်ပြီး ကျောင်းသားကျောင်းသူများ၏ သိလိုသောမေးမြန်းချက်များကို သာယာဝတီခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမော်က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးဝန်ထမ်းများနှင့် ဆရာဆရာမများ ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြပြီး ထိုကဲ့သို့ကျောင်းသားကျောင်းသူလူငယ်လေးများအား အသိပညာပေးဆောင်ရွက်ခြင်းကို အခြေခံပညာအထက်တန်းကျောင်းများဖြစ်သော အ.ထ.က(ပန်းတင်)နှင့် အ.ထ.က(ဘုရင့်နောင်)ကျောင်းတို့တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)