ပဲခူး စက်တင်ဘာ ၁၂
ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ဆည်မြောင်းလမ်းရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဦးစီးဌာနတို့ပူးပေါင်းပြီး တိုင်းရင်းသားရိုးရာအက သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလင်းအောင်က ယနေ့ဖွင့်လှစ်တဲ့သင်တန်းသည် ပဲခူးတိုင်းဒေသကြီးအတွင်းမှာရှိသည့် တိုင်းရင်းသားများအတွက် ပထမဦးဆုံးအကြိမ်ဖွင့်လှစ်ပေးသည့်သင်တန်းဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ အနုပညာတစ်ခုဖြစ်သည့် ရိုးရာအကများ မတိမ်ကောမပပျောက်စေရေး ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ပဲခူးတိုင်းဒေသကြီး၏ဂုဏ်ကို တောက်ပနိုင်စေရန်အတွက် သင်တန်းသားများအနေဖြင့် အကနည်းပြများ၏ သင်ကြားပြသမှုအတိုင်း လေ့လာသင်ယူကြဖို့လိုကြောင်း၊ ဒါမှသာမိမိတိုင်းရင်းသားများ၏ အခြေခံကနည်း၊ ကဟန်၊ ကကွက်များကို သိရှိနိုင်မှာဖြစ်ပြီး မိမိတို့တိုင်းဒေသကြီး၏ နေ့ထူးနေ့မြတ်အခမ်းအနားများ၊ ဖျော်ဖြေရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်နိုင်မှာဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းသန်းက တိုင်းရင်းသားရိုးရာအကသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းသားများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါသင်တန်းအား စက်တင်ဘာလ(၁၂)ရက်နေ့မှ (၁၉)ရက်နေ့အထိ ချင်းတိုင်းရင်းသားအကနှင့် ရှမ်းတိုင်းရင်းသားအကများကို ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ(၄၀)ဦး တက်ရောက်ကာ ချင်းတိုင်းရင်းသားအကတွင် ချင်းရိုးရာကောက်သစ်စားပွဲတော်ဖွဲ့ အက၊ ချင်းအမျိုးသားနေ့ဖော်ကျူးတမ်းချင်းအကများနှင့် (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာအဆို၊အက၊အရေး၊အတီးပြိုင်ပွဲမှာ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ပါဝင်ယှဥ်ပြိုင်မည့် အကများကိုလည်းကောင်း၊ ရှမ်းတိုင်းရင်းသားအကတွင် ကပန်ကောင်အက၊ တိုးနယားအက၊ ရှမ်းရိုးရာအခြေခံအကကြီး(၁၀)ကွက်များအပြင် မြန်မာ့ရိုးရာအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှာ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြုပါဝင်တင်ဆက်မည့် အကများကိုလည်း အကနည်းပြဆရာများက လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)