ဝေါမြို့နယ်၊‌ ကမာကဘန်ကျေးရွာအ-လ-က(ခွဲ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ဝေါ အောက်တိုဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကမာကဘန်ကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကမာကဘန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်မိုးမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးမိုးအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လိမ္မာယဥ်ကျေးစွာ ပြောဆိုဆက်ဆံတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချင်းချင်းအပြန်အလှန်ဆွေးနွေးတတ်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန်နှင့် စာအုပ်စာပေများကို ပိုမိုဖတ်ရှုလေ့လာနိုင်ကြစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်းက ပေါင်းဆက်ညှိနှိုင်ပေးသူအဖြစ်ဆောင်ရွက်ပေးပြီး အ.လ.က(ခွဲ) ကမာကဘန်ကျောင်းမှ Grade-9 ကျောင်းသားမောင်ကောင်းခန့်ဟိန်းက စကားပြောကောင်းစေဖို့ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသား မောင်အောင်ပြည့်ဖြိုးက အတုခိုးခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသား မောင်ဆန်းလင်းထွဋ်က စိတ်ပြင်းပြမှု၏‌ အောင်မြင်မှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသူ မကေသဒီစိုးက ကြိုးစားပါခေါင်းစဥ်ဖြင့်လည်း‌ကောင်း၊ Grade-9 ကျောင်းသူမခင်ရတနာထွန်းက သန်မာကြရအောင်ခေါင်စဉ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသူမရွှေရည်ဝင်းလဲဖြိုးက စိတ်ဓာတ်ကျလို့မဖြစ်ဘူး စသည့်ခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းတွင်ပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းပြော‌ကြားခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သိမှတ်ဖွယ်ရာနံရံကပ်စာစောင်များနှင့် လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားကြကြောင်း သိရသည်။

အောင်မြတ်လင်း(ပြန်/ဆက်)