ထားဝယ် စက်တင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၀)နှစ်အောက် အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာဗိုလ်လုပွဲသို့ တက်ရောက်လာသည့် ထားဝယ်မြို့နယ်အသင်းနှင့် မြိတ်မြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးရာ ထားဝယ်မြို့နယ်အသင်းက အနိုင်ရရှိသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က ပွဲစဉ်တစ်လျှောက် ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပြီး တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက အမျိုးသမီးအကောင်းဆုံးကစားသမားဖြစ်သည့် ထားဝယ်မြို့နယ်မှ နော်အယ်နီးအား ဆုချီးမြှင့်ပြီး တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ဝင်းက ဂုဏ်ပြုဆုငွေ(၁)သိန်း ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်က ဒုတိယဆုရရှိသည့် မြိတ်မြို့နယ်အသင်းအားလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက ပထမဆုရရှိသည့် ထားဝယ်မြို့နယ်အသင်းအားလည်းကောင်း တစ်ဦးချင်းဆုနှင့်ငွေ သားဆုချီးမြှင့်ပြီး တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပထမဆုရရှိသည့်အသင်းအား ဂုဏ်ပြုဆုငွေ(၃)သိန်းနှင့် ဒုတိယရရှိသည့်အသင်းအား ဂုဏ်ပြုဆုငွေ(၂)သိန်း ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ပထမဆုရရှိသည့် ထားဝယ်မြို့နယ်အသင်းအား တံခွန်စိုက်ဒိုင်းဆုချီးမြှင့်ကာ အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံသည်။
ထို့နောက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးအမျိုးသမီးဘော်လီဘောအသင်းအတွက် တိုင်းဒေသကြီးဘော်လီဘောဆပ်ကော်မတီက ပံ့ပိုးငွေကျပ်(၃၀)သိန်းအား ပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ကျော်လတ်