ပေါင်းတည်မြို့ ဘေးမခအထူးကုနယ်လှည့်အဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

ပေါင်းတည် စက်တင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့က ဘေးမခ အထူးကုဆေးခန်းမှ နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း လာရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဘေးမခ နယ်လှည့်ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့သည် ပေါင်းတည်မြို့နယ်၊ မင်းကွက် (၃) ရပ်ကွက်၊ ရွှေတောင်လမ်းရှိ မြို့နယ်လူမှုဖူလုံရေးရုံးဆေးခန်း၌အခြေပြုလျက် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ကျန်းမာရေးစောင့်ရှောက်မှုပေးရာ၌ မြို့နယ်လူမှုဖူလုံရေးဦးစီးမှူး ဒေါ်သန်းဝင်းကြည်က အနီးကပ်ကြီးကြပ်ကာ လူမှုဖူလုံရေးအသင်းသားပြည်သူများအား ဘေးမခအထူးကုဆေးခန်းမှ ဆရာဝန်များနှင့်ဝန်ထမ်းများက ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ လေးဘက်နာနှင့် စီပိုး၊ ဘီပိုး ရှိ၊ မရှိ စစ်ဆေးပေးခဲ့ကြ​သည်။

ဆက်လက်၍ လတ်တလော ခံစားနေရသော ရောဂါဝေဒနာအခြေအနေတို့ကို စမ်းသပ်စစ်ဆေးပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကိုဝန်ဆောင်မှုပေးကာ လိုအပ်သည့်ဆေးဝါးများကို တစ်ဦးခြင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)