ပေါင်းတည် စက်တင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က အရှေ့လမ်း အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝင်းမြသန်း (မြို့နယ်ပြည်သူ့စာကြည့်တိုက်မှူး) က စာဖတ်သည့်အလေ့အထနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး စာပေကျေးဇူးအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့စာကြည့်တိုက်မှူးနှင့် ၀န်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရေးအတွက် အသိပညာပေး သုတ၊ ရသ စာအုပ် စာစောင်များ ဖတ်ရှုလေ့လာစေခြင်းများဆောင်ရွက်ပေးခဲ့ကြပြီးနောက် မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများက စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား သုတ၊ ရသ စာအုပ် စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)