တောင်ငူ စက်တင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ စစ်တောင်းမြစ်ရေစိုးရိမ်ရေမှတ်အထက်ရောက်ရှိနေပြီး ယမန်နေ့မွန်းလွဲပိုင်းတွင် မြေနိမ့်ပိုင်းများသို့ မြစ်ရေဝင်ရောက်လျက်ရှိကာ မြေနိမ့်ပိုင်းရှိပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးလျက်ရှိသည်။
တောင်ငူမြို့၊ အမှတ်(၈)၊ (၉)၊ (၁၀) ရပ်ကွက်ရှိ မြေနိမ့်ပိုင်းများတွင် စစ်တောင်းမြစ်ရေဝင်ရောက်လျက်ရှိပြီး ရေဘေးသင့်ပြည်သူများအား ကုန်းမြင့်ပိုင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများတွင် ကယ်ဆယ်ရေစခန်းများ ဖွင့်လှစ်ထားလျက်ရှိကာ ယမန်နေ့မွန်းလွဲပိုင်းတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အဖွဲ့ဝင်များဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတလူမှုရေးအသင်းအဖွဲ့များဖြင့် မြေနိမ့်ပိုင်းရှိပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးလျက်ရှိသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလာပင်လယ်အော်တို့တွင် မုတ်သုန်လေအားကောင်းနေပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းဒေသများတွင် ဖြစ်ပေါ်နေသောလေပွေလှိုင်းများသည် ဆက်လက်တည်ရှိနေပြီး မြန်မာနိုင်ငံအထက်ပိုင်း၊ အလယ်ပိုင်းနှင့် အောက်ပိုင်းတို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် တောင်ငူမြို့၏ စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် (၆၀၀) အထက်ရောက်ရှိနေပြီး ယနေ့မွန်းလွဲ (၂)နာရီခွဲအချိန်တွင် စိုးရိမ်ရေအမှတ် (၆၀၂)စင်တီမီတာရှိကြောင်း၊ စစ်တောင်းမြစ်ရေသည် ဆက်လက်မြင့်တက်လာပြီး ယခုနှစ်၌ တောင်ငူမြို့တွင် အမြင့်ဆုံးရေကြီးမှုမျိုးဖြစ်ပေါ်လာနိုင်ကြောင်း ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ဇော်ကိုကို (တောင်ငူ)