လွိုင်ကော် စက်တင်ဘာ ၁၂
ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရေဝင်ရောက်လျက်ရှိသည့် နမ့်ကွတ်ရပ်ကွက်အတွင်းရှိ နေအိမ်များ၊ ရေစီးကွေ့၊ ကန္ဒရဝတီတံတားတို့၌ ဘီလူးချောင်းရေမြင့်တက်မှု အခြေအနေများ အားသွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နမ့်ကွတ်ရပ်ကွက်အတွင်းရှိ နေအိမ်အချို့၌ ဘီလူးချောင်းရေဝင်ရောက်မှုအခြေအနေများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်နေပြည်သူများက နေအိမ်များအတွင်း ရေထပ်မံမဝင်ရောက်နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးနေသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ နမ့်ကွက်ရပ်ကွက် ရေစီးကွေ့ ၊ ကန္ဒရဝတီ တံတားနှင့် မင်းကျောင်းကန်သာများရှိ ဘီလူးချောင်းရေမြင့်တက်မှုအခြေအနေအား ကြည့်ရှု၍ ရေနစ်မြုပ်မှုမရှိရန် ကာရံထားသည့် မြေထိန်းနံရံများ ကြံ့ခိုင်မှုရှိမရှိ ၊ မြေထိန်းနံရံနေရာများနှင့် နေအိမ်များတွင် ဘီလူးချောင်းရေထပ်မံဝင်ရောက်မှု မရှိစေရေးအတွက် တပ်မတော်တပ်ရင်းတပ်ဖွဲ့များ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များ ၊ မီးသတ်တပ်ဖွဲ့များနှင့် ရပ်ကွက်နေ ပြည်သူများက သဲအိတ်များကာရံခြင်း၊ မြေထိန်းနံရံများပြုလုပ်ပေးခြင်း စုပေါင်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး “(၂၄)နာရီ ရေကင်းစောင့်ကြည့်နိုင်ရေး၊ စိုးရိမ်ရေမှတ်ကျော်လွန်သည့် အခြေအနေရှိပါက အမိန့်စောင့်ဆိုင်းရန်မလိုပဲ အချိန်နှင့်တစ်ပြေးညီ ပြည်သူများသို့ကြေညာချက်ထုတ်ပြန် အသိပေး၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းတုံ့ပြန် ဆောင်ရွက်သွားရန် ” တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရပ်ကွက်များရှိ နေအိမ်များအတွက် ယာယီခိုလှုံရေးစခန်း(၄)ခု စီမံဆောင်ရွက်ထားရှိပြီး ရေဘေးအန္တရာယ်ကျရောက်လာပါက စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန် ဘဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ရုံးကို ပြည်နယ်အစိုးရအဖွဲ့ရုံးဝန်းအတွင်း၌ ဖွင့်လှစ်ထားရှိကြောင်းနှင့် အရေးပေါ်အခြေအနေကျရောက်လာပါက ချက်ခြင်းတုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ဆက်လက်၍ ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမ၌ ဒေါနိုးကူး၊ မင်းစု၊ နမ့်ကွတ်နှင့် ရှမ်းစုရပ်ကွက်တို့မှ ရေဘေးသင့် အိမ်ထောင်စု(၁၇၇)စု၊ လူဦးရေ(၆၃၉)ဦးတို့အတွက် အိမ်ထောင်စုတစ်စုလျင် ဆီ(၅၀)ကျပ်သား၊ လူတစ်ဦးလျှင် ဆန်(၂)ပြည်နှုန်း စုစုပေါင်းဆန်အိတ်(၅၄)အိတ်၊ ဆီ(၈၉)ပိဿာနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ဖိုးထောက်ပံ့ငွေ (၁၃၄၁၉၀၀)တို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။
ပြည်နယ်(ပြန်/ဆက်)