ကော့သောင်းမြို့အနီး ပါချန်မြစ်အတွင်း ကျောက်ငါးများ သေဆုံးမျောပါနေမှုအား တာဝန်ရှိ အဖွဲ့အစည်းများ ကွင်းဆင်းစစ်ဆေး

ကော့သောင်း နိုဝင်ဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ မြန်မာ-ထိုင်းနယ်စပ် ပါချန်မြစ်ကြောင်းအတွင်း ကျောက်ငါးများ သေဆုံးမျောပါနေမှုအား ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနနှင့် တာဝန်ရှိအဖွဲ့အစည်းများ ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရ သည်။

အဆိုပါကျောက်ငါးများ သေဆုံးကာ ရေပေါ်မျောပါလျက်ရှိသည့် နေရာမှာ ပါချန်မြစ်အတွင်း ထိုင်းမြန်မာ ရေပိုင်နက်စပ်ကြား ယမုံနာကျေးရွာ၊  နွားကြီးနွားငယ်ကျွန်းနှင့် ရတနာကျွန်းအနီး တစ်ဝိုက် ရေပြင်အတွင်းဖြစ်ပြီး ကျောက်ငါးအရွယ်စုံ သေဆုံးမျောပါ ကာ တစ်ချို့ကမ်းစပ်များတွင် တင်လျက်ရှိကြောင်း၊ သေဆုံးနေသည့် ကျောက်ငါးများအား ဒေသခံများ လိုက်လံ ကောက်ယူ ချက်ပြုပ်စားသောက်လျက်ရှိပြီး ဘေးဥပါဒ်အန္တရာယ် တစ်စုံတစ်ရာ ဖြစ်ပွားမှုမရှိကြောင်း သိရှိရပြီး ဖြစ်စဉ်ဖြစ်ပွားရာ နေရာများသို့ ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးဌာနနှင့် တာဝန်ရှိဌာနဆိုင်ရာအဖွဲ့အစည်းများ သွားရောက်စစ်ဆေး ကြည့်ရှုကြ ပြီး ဆယ်ယူရရှိ သည့် ကျောက်ငါးအသေ မူနာများအား သေဆုံးရခြင်းအကြောင်း အရင်းသိရှိနိုင်ရေး ရန်ကုန်မြို့၊ သာကေတမြို့နယ်ရှိ ငါးလုပ်ငန်းဓာတ်ခွဲစစ်ဆေးရေးဌာနသို့ ပေးပို့စစ် ဆေးလျက်ရှိကြောင်း သိရသည်။

အလားတူဖြစ်စဉ်မျိုး လွန်ခဲ့သည့် နိုဝင်ဘာလ လဆန်းပိုင်းက ကော့သောင်းခရိုင်၊ အဏ္ဏဝါအမျိုးသားဥယျာဉ် လန်ပိကျွန်း အနီးတစ်ဝိုက် ကျွန်းများဖြစ်သည့် ကိုဖေါ့အော်၊ ညောင်ဝီးကျွန်း တစ်ဝိုက် ပင်လယ်ရေနက်ပိုင်းဒေသများအတွင်း ဖြစ်ပွားခဲ့ဖူးပြီး ယခုအခါ ရေတိမ်ပိုင်းဒေသ ဖြစ်သည့် ကော့သောင်းမြို့အနီး ပါချန်မြစ်အတွင်း ထပ်မံဖြစ်ပေါ်ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)