နတ်မောက် စက်တင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်း (၂၀၂၄) ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန ( Community Centre )ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအသိပညာပေး ဟောပြောပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးခရိုင် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးဒုတိယညွှန်ကြားရေးမှူး ဦးဟိန်းကျော်အောင်က သန်းခေါင်စာရင်းကောက်ယူသည့် ရည်ရွယ်ချက်၊ လူဦးရေဆိုင်ရာ စီးပွားရေး၊ လူမှုရေး အကြောင်းအရာများအား တစ်နိုင်ငံလုံး (သို့မဟုတ်) သတ်မှတ်နယ်မြေဒေသ တစ်ခုတွင် လူတိုင်းကိုတစ်ကြိမ်တည်း၊ တစ်ပြိုင်တည်း ကောက်ယူသည့် သန်းခေါင်စာရင်း အကြောင်းအရာများ၊ ၂၀၂၄ခုနှစ် အောက်တိုဘာ(၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း (၁၅)ရက်ကြာ တစ်နိုင်ငံလုံးတွင် သန်းခေါင်စာရင်းကောက်ယူနိုင်ရန်နှင့် သန်းခေါင်စာရင်းမေးခွန်းများကို မှန်ကန်စွာ ဖြေဆိုခြင်းအားဖြင့် နိုင်ငံတော်မှ သင်နေထိုင်ရာနယ်မြေအတွင်း ဆောင်ရွက်ပေးနိုင်ရေး အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ များကလည်းသိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းခဲ့ရာ မကွေးခရိုင် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူးမှ ပြန်လည်ဖြေကြားခဲ့သည်။ အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း