ပွင့်ဖြူမြို့နယ်၌ ငှက်ပျောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်

ပွင့်ဖြူ စက်တင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးခဲ့သည့် ငှက်ပျောစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး အထွက်နှုန်းများ ကောင်းမွန်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေအဆင်ပြေမှုကြောင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကိုသာ စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကာ အဓိက စိုက်ပျိုးသည့် သီးနှံများမှာ စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ဖူးစားပြောင်း၊ နှံစားပြောင်း၊ ကုလားပဲ၊ ပဲတီစိမ်း၊ ပဲကြီး၊ ပဲစင်းငုံ၊ ထောပတ်ပဲ၊ စားတော်ပဲ စသည့် သီးနှံများအပြင် ဟင်းသီးဟင်းရွက်သီးနှံများနှင့် ဘုရားပန်းမျိုးစုံတို့ကို စိုက်ပျိုးကြကြောင်း၊ အချို့တောင်သူများက သီးနှံဝင်ငွေ တိုးပွားရေးအတွက် မြေအောက်ရေဖြင့် ငှက်ပျောသီးနှံစိုက်ပျိုးရေးလုပ်ငန်းကို တွဲဖက်စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့တဲ့ ငှက်ပျောစိုက်ခင်းတွေဟာ ပိုးမွှားရောဂါ ဝင်ရောက်မှု မရှိတာကြောင့် အောင်မြင်ဖြစ်ထွန်းပြီး ငှက်ပျောအထွက်နှုန်းလည်းကောင်းတယ်။ ကျွန်တော်တို့ ဒေသမှာ စိုက်ပျိုးရေ အဆင်ပြေတော့ တောင်သူတွေက သီးနှံဝင်ငွေ တိုးပွားရေးအတွက် ငှက်ပျောစိုက်ပျိုး ရေးလုပ်ငန်းကို အခြား စိုက်ပျိုးရေးလုပ်ငန်းနဲ့ တွဲဖက်ပြီး စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြတယ်။ တောင်သူတွေ အားထားစိုက်ပျိုးတဲ့ ငှက်ပျောမျိုးကတော့ ဖီးကြမ်းငှက်ပျော၊ ငှက်ပျောချဉ်၊ ရခိုင်ငှက်ပျောနဲ့ သီးမွှေးငှက်ပျောတို့ ဖြစ်ပါတယ်။  တစ်ချို့တောင်သူတွေက ငှက်ပျောစိုက်ပျိုးရာတွင် ပျိုးပင်များကိုလည်း ပျိုးထောင်ရောင်းချကြတယ်။ ငှက်ပျောသီးနှံများထဲမှာ ဖီးကြမ်းငှက်ပျောက လူကြိုက်များတော့ ပိုပြီး အရောင်းသွက်တယ်။ ပြီးခဲ့တဲ့လတွေက ဖီးကြမ်းငှက်ပျောတစ်ဖီးကို ငွေကျပ် ၂၅၀၀၊ ၂၇၀၀ ဈေးနဲ့ ရောင်းချရတယ်။ ခုရက်ပိုင်းမှာတော့ တစ်ဖီးကို ငွေကျပ် ၁၈၀၀၊ ၂၀၀၀ ဈေးနဲ့သာ ရောင်းချနေရတယ်။ ရခိုင်ငှက်ပျောက တစ်ဖီးကို ငွေကျပ် ၁၅၀၀၊ ၁၆၀၀ ဈေးနဲ့ ရောင်းချနေရပြီး ငှက်ပျောချဉ်ကတော့ အခိုင်လိုက် ရောင်းတာဖြစ်လို့ တစ်ခိုင်ကို ငွေကျပ် ၁၀၀၀၀၊ ၁၁၀၀၀ ဈေးနဲ့ ရောင်းချနေရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေထက်စာရင် ယခုနှစ်မှာ ငှက်ပျော ဈေးကောင်းရရှိတဲ့အတွက် ဒေသခံတောင်သူတွေ သီးနှံဝင်ငွေ တွက်ခြေကိုက်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ငှက်ပျောစိုက် တောင်သူ ဦးကျော်ဆန်းက ပြောသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် သီးနှံဝင်ငွေတိုးပွားရေးအတွက် မြေအောက်ရေဖြင့် ဒေသနှင့်ကိုက်ညီသော ဖီးကြမ်းငှက်ပျော၊ ရခိုင်ငှက်ပျော၊ သီးမွှေးငှက်ပျောနှင့် ငှက်ပျောချဉ် စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရပြီး အချို့တောင်သူများက ငှက်ပျောသီးနှံ ရောင်းချခြင်းအပြင် ငှက်ပျောပျိုးပင်များ ပျိုးထောင်ရောင်းချခြင်းဖြင့် နှစ်သီးစား ဝင်ငွေရရှိ၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။  

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေ တိုးပွားရေးအတွက် ငှက်ပျောစိုက်ဧက (၁၀၂၀) ဧက လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကလျှင် ငှက်ပျောခိုင် (၁၄၃၂) ခိုင် ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )