ဖျာပုံမြို့၌ (၃)နှစ်မှ (၅)နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲကျင်းပ

ဖျာပုံ စက်တင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး ကျင်းပသော (၃)နှစ်မှ (၅)နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က ဖျာပုံမြို့ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းခန်းမ၌ ကျင်းပသည်။
အဆိုပါ (၃)နှစ်မှ (၅)နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲတွင် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မြတ်မာလာစိုးက သင်တန်းဆင်းအမှာစကား ပြောကြားပြီး၊ တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မြတ်မာလာစိုး၊ ဖျာပုံခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဦး၊ World Vision (ဖျာပုံ) စောဂေးဘတ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကြရာ သင်တန်းသား၊ သင်တန်းသူများက လက်ခံရယူကြသည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး၊ သင်တန်းသား၊ သင်တန်းသူများက ကလေးတို့ရဲ့ သဘာဝ နှုတ်ဆက်ပါတယ်၊ ခန္ဓာကိုယ်တစ်ခုလုံး၊ ချစ်ခြင်းများစွာ ပေးကြပါ စသော တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။ အဆိုပါ (၃)နှစ်မှ (၅)နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းသို့ ဖျာပုံမြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ၊ ပရဟိတဂေဟာများ၊ ဘိုဘွားရိပ်သာတို့မှ သင်တန်းသား၊ သင်တန်းသူ များ တက်ရောက်ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)