ပွင့်ဖြူမြို့နယ်၌ မိုးတွင်းကာလ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများရှိ နုန်း၊ သဲများ ဆယ်ယူရှင်းလင်း

ပွင့်ဖြူ စက်တင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိသဖြင့် ပြည်သူများ ရေကြီးရေလျှံမှု အန္တရာယ်ကင်းဝေးစေရန်အတွက် ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က မြို့တွင်းရှိ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရန် အမှိုက်သရိုက်များနှင့် နုန်း ၊ သဲများ ဆယ်ယူရှင်းလင်းခြင်း လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်း ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က မိုးတွင်းကာလ ရေကြီးရေလျှံမှုအန္တရာယ် ကင်းဝေးစေရန်နှင့် ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရန်အတွက်  မြို့ပေါ်ရပ်ကွက်များရှိ ရေနုတ်မြောင်းများနှင့် (Box Culvert)များ တစ်လျှောက် ရေစီးရေလာ ကောင်းမွန်ခြင်း ရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေးပြီး သန့်စင်လမ်းနှင့် သရဖီလမ်း လမ်းဘေး(ဝဲ ၊ ယာ)ရှိ ရေနုတ်မြောင်းများတွင် ပိတ်ဆို့နေသော အမှိုက်သရိုက်များနှင့် နုန်း၊ သဲများကို အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ  ဆယ်ယူရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ စဉ်ဆက်မပြတ် သန့်ရှင်းသာယာ လှပရေးအတွက် မြို့တွင်း၊ မြို့ပြင် စွန့်ပစ်ပလပ်စတစ်အမှိုက်များ ကောက်ယူရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရန် ပြုပြင်ထိန်းသိမ်းခြင်း၊ ရေနုတ်မြောင်းများရှိ အမှိုက်သရိုက်များနှင့် နုန်းသဲများ ဆယ်ယူရှင်းလင်းခြင်း၊ မြို့တွင်းလမ်းဘေး(ဝဲ ၊ ယာ)တစ်လျှောက် ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ ပြည်သူများ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ ကင်းဝေးပြီး စနစ်တကျ အမှိုက်စွန့်ပစ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် အသိပညာပေးခြင်း ၊ နေ့စဉ် အမှိုက်သိမ်းယာဉ်ဖြင့် ရပ်ကွက်များအတွင်း အမှိုက်များ လိုက်လံသိမ်းဆည်းပေးခြင်း စသည့် မြို့ပြသန့်ရှင်းရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။  

လှိုင်ဝင်းလေး (ပြန်/ဆက်)