ဓနုဖြူမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကျင်းပ

ဓနုဖြူ စက်တင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာမူလတန်းကျောင်း (ဘီဘီအမ်)၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မေစိုးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နောင်အနာဂတ်တွင် ပွင့်လန်းလာမည့် မျိုးဆက်သစ် လူငယ်များ ဖြစ်ပေါ်လာစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေမှ ဗဟုသုတ အသိအလိမ္မာများ ရရှိစေရန်၊ အမှားအမှန်ခွဲခြား တတ်လာစေရန်၊ စကားပြောစွမ်းရည် ကြွယ်ဝလာစေရန် အသိပညာပေး ပြောကြားခဲ့သည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက စားသုံးသူကာကွယ်ရေးအသိပညာဟောပြောပြီး အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်အေးမိစံက အားကစားဆိုသည်မှာ အင်အားနဲ့ဉာဏ်ရည်ကိုအသုံးချပြီး လှုပ်ရှားယှဉ်ပြိုင်မှုကို အားကစားလို့ခေါ်ဆိုကြောင်း၊ အားကစားအမျိုးအစားအနေဖြင့် ယှဉ်ပြိုင်အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစားနှင့် လူထုအားကစားစသည်ဖြင့် အားကစားအမျိုးအစား (၄)မျိုးရှိကြောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ၊ လူကုန်ကူးမှု ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များ အားပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)