မအူပင် စက်တင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မီးသွေးချောင်း ကျေးရွာအုပ်စု၊ လယ်ကိုင်းကျေးရွာတွင် မအူပင်ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့မွန်းလွဲ (၁) နာရီက လယ်ကိုင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ မအူပင်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနဦးစီးအရာရှိ ဒေါ်သီတာဦးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး စီမံကိန်းအဖွဲ့ခေါင်းဆောင် ဒေါ်သိန်းသိန်းဝင်းမှ အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ လယ်ကိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးပိုင်လင်းမှ မိမိတို့ကျေးရွာတွင် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ လူငယ်များအလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးဆောင်ရွက်ပေးသည့်အတွက် တာဝန်ရှိသူများအားကျေးဇူးအထူး တင်ရှိပါကြောင်းပြောကြားသည်။ ၎င်းနောက်တာဝန်ရှိသူများမှ သင်တန်းသားများ အား ကြည့်ရှု့အားပေးခဲ့ကြသည်။
အဆိုပါအခြေခံစက်ချုပ်နည်းပညာသင်တန်းအား သင်တန်းသား (၁၀) ဦးဖြင့် စက်တင်ဘာလ (၁၁) ရက်နေ့မှ အောက်တိုဘာလ (၁၀) ရက်နေ့ထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ထူးချွန်သင်တန်းသား (၅) ဦးအား ပစ္စည်းအစုံဖြင့် လုပ်ငန်းများထူထောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)