တောင်ငူ စက်တင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ ယမန်နေ့ကစာရေးသူ “မောင်မင်းစိုး” ရေးသားထားသည့် “လူငယ်နဲ့အပြောင်းအလဲ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။
ရှေးဦးစွာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နာယက ဦးမြသိန်းက “လူငယ်နဲ့အပြောင်းအလဲ” ခေါင်းစဥ်ပါအကြောင်းအရာများဖြင့် ဦးဆောင်ဆွေးနွေးပြီး Book Club ဥက္ကဋ္ဌဦးစောဂျရုန်း(မောင်ယဥ်ထွေးတက္ကသိုလ်)က “လူငယ်နဲ့သိစိတ်” ခေါင်းစဥ်ပါအကြောင်းအရာများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဆွေဆွေမိုးက “စာရိတ္တမဏ္ဍိုင်” ခေါင်းစဥ်ပါအကြောင်းအရာများဖြင့် ဆွေးနွေးပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် Sweet Family ကိုယ်ပိုင်အထက်တန်းကျောင်းမှ G-11 ကျောင်းသားကျောင်းသူ (၃၀)ဦးခန့်က ၎င်းတို့၏ အတွေးအမြင်များကို ပြန်လည်ဆွေးနွေးကြပြီး Book Club နာယက ဦးမြသိန်းက ဆွေးနွေးချက်များအပေါ်ပြန်လည်သုံးသပ် ဆွေးနွေးသည်။
တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာန၌ ပြည်သူများအသိပညာဗဟုသုတရရှိစေရန်နှင့် စာပေချစ်မြတ်နိုးသူများ တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများ လစဥ်ကျင်းပလျက်ရှိကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)