လက်ပံတန်း စက်တင်ဘာ ၁၁
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ပြခန်းများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ဂိမ်းပြိုင်ပွဲများနှင့်အတူ ကျပန်းစကားပြော၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယနေ့တွင် အ.ထ.က(၁)လက်ပံတန်း၌ အခြေခံပညာအလယ်တန်းဆင့်နှင့် အထက်တန်းဆင့် ကျပန်းစကားပြော အကြိုပြိုင်ပွဲများကို ကျင်းပခဲ့သည်။
ကျပန်းစကားပြောပြိုင်ပွဲတွင် လက်ပံတန်းမြို့နယ်မှ အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(၃)၊ အ.ထ.က(မကျီးကွင်း)၊ အ.ထ.က(ကျေးနီ)၊ အ.ထ.က(သာရဝေါ)၊ အ.ထ.က(ဇီးဖြူကုန်း)၊ အ.ထ.က(ဖိုးခေါင်စု)၊ အ.ထ.က(သရက်ချောင်း)၊ ရွှေရောင်အနာဂတ်ကိုယ်ပိုင်အလယ်တန်းကျောင်း၊ အ.လ.က(မှော်အင်း)၊ အ.လ.က(ကြို့ပင်စခန်း)၊ အ.လ.က(ရေကန်)၊ အ.လ.က(ပေါက်တောစု)၊ အ.လ.က(ကျွန်းကလေး)နှင့် အ.လ.က(အိုင်ကြီးဒေါင့်)တို့မှ ကျောင်းသားကျောင်းသူလေးများက “သုတရသဖွေရှာဖို့ စာကြည့်တိုက်ကိုသွားကြစို့”၊ “အနာဂတ်ဘဝလှပရေး စာဖတ်ရှိန်ကိုမြှင့်တင်ပေး”၊ “ဗလငါးတန်ဖွံ့ဖြိုးဖို့ စာဖတ်ကြပါစို့” စသည့် ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အထူးဆုရရှိသူများအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သွားမည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)