အိမ်မဲ စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကျောင်းသား/သူများ အသိပညာဗဟုသုတ ရရှိစေရေး၊ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့ နံနက် ၁၀ နာရီ တွင် အခြေခံပညာကျောင်းများ၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပါရမီဒေါင့်ကျေးရွာ (အ.မ.က)ပါရမီဒေါင့်ကျောင်းတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ကျောင်းသား/သူများအား အသိပညာဗဟုသုတ ရရှိစေရန်၊ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားရေးအတွက် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ကျောင်းသားနှင့် ရည်မှန်းချက်၊ လူကုန်ကူးမှုအန္တရာယ် အကြောင်းတို့ကို အကျယ်တဝင့် ဟောပြောခဲ့သည်။
ဆက်လက်ပြီး စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပရာ ကျောင်းသား/သူများပါဝင် ယှဥ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့နယ်ဦးစီးအရာရှိနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် မြို့နယ်ပြန်/ဆက် ဝန်ထမ်းများက ကျောင်းသား/သူ များကို သုတ၊ ရသ ရရှိစေမည့် စာအုပ်၊စာစောင်များ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာအသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရှိရာ ကျောင်းသား /သူ များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
အလားတူ မွန်းလွဲပိုင်းတွင် လေးအိမ်တန်းကျေးရွာ (အ.မ.က) လေးအိမ်တန်းကျောင်း၌ စာဖတ်ရှိန် မြှင့်တင်ရေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများ ကျင်းပပေးပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ချစ်သက်လယ်(ပြန်/ဆက်)