ဇီးကုန်း စက်တင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်လုပ်ငန်းများကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက သစ်နဖားကျေးရွာအုပ်စု၊ သစ်နဖားကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦိးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်အေးမူက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ဇီးကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်မာမာဦးကကျောင်းသားလူငယ်များ ကျောင်းစာအပြင် အခြားဗဟုသုတအသိပညာ အတတ်ပညာများအား လေ့လာဖတ်ရှုလေ့လာကြရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူတော်၊ လူကောင်းများ ပေါ်ထွန်းလာစေရန် ဗဟုသုတရရှိစေမည့် စာအုပ်စာပေများကိုလေ့လာဖတ်ရှုမှတ်သားကြရန်၊ အင်တာနက်အသုံးပြုမှု လျော့ကျစေရန်၊ ကျန်းမာကြံခိုင်စေရန် ကာယလေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ကြရန်နှင့် မျိုးချစ်စိတ်ရှင်သန်ထက်စေရန် အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ဒေါ်ဇင်မာထွန်းက ရုပ်ပြပုံပြင်များပြောခြင်း၊ နယ်လှည့်စာကြည့်တိုက်မှ စာအုပ်စာစောင်များ ဖတ်ရှုစေခြင်းများပြုလုပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)