ပွင့်ဖြူ စက်တင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံစုံ ၂၈၆၆၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရှိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပြည်တွင်းစားသုံးဆီဖူလုံပိုလျှံစေရန်နှင့် ဆီထွက်သီးနှံ စိုက်ပျိုးစွမ်းအားဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသခံတောင်သူများက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် နှမ်းသီးနှံ ၁၃၃၉၅ ဧက၊ မြေပဲသီးနှံ ၁၆၆၁ ဧက၊ နေကြာသီးနှံ ၉၃၀ ဧက၊ စုစုပေါင်း ဆီထွက်သီးနှံစုံ ၁၅၉၈၆ ဧက စိုက်ပျိုးရန်လျာထားပြီး ယခုနှစ် ဇွန်လမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ ဆီထွက်သီးနှံစုံ ၂၈၆၆၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ဒီနှစ် မိုးသီးနှံရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံစုံ စိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး စိုက်ဧက ၁၅၉၈၆ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမှာဖြစ်ပြီး ဇွန်လမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ နှမ်း ၂၄၇၂၀ ဧက၊ မြေပဲ ၃၃၆၉ ဧက၊ နေကြာ ၅၇၉ ဧက၊ စုစုပေါင်း ဆီထွက်သီးနှံစုံ ၂၈၆၆၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ ဆီထွက်သီးနှံ စိုက်ပျိုးရေးနှင့်ပတ်သက်ပြီး တစ်ဧကပန်းတိုင်အထွက်နှုန်း တိုးတက်စေရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေး၊ စိုက်ပျိုးရေး သွင်းအားစုပစ္စည်းများ သုံးစွဲရာတွင် စနစ်တကျ သုံးစွဲတတ်စေရေး စသည့် တောင်သူပညာပေးလုပ်ငန်းများကို နယ်မြေအလိုက် တာဝန်ခံကွင်းဝန်ထမ်းတွေက ကွင်းဆင်းကြီးကြပ်ပြီး ကူညီဆောင်ရွက်ပေးပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ စိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ရရှိရေး၊ စိုက်နည်းစနစ်များမှန်ကန်ရေး၊ ပိုးမွှားကျရောက်မှု ကင်းရှင်းရေး၊ ဓာတ်မြေဩဇာ စနစ်တကျ သုံးစွဲရေးနှင့် အထွက်နှုန်းကောင်းမွန်ရေးတို့အတွက် သက်ဆိုင်ရာ ဆက်စပ်ဌာနများနှင့်ပူးပေါင်းပြီး စိုက်ပျိုးရေးအသိပညာပေးလုပ်ငန်းများကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)