ပဲခူးတက္ကသိုလ်၌ အခြေခံပညာ/ အဆင့်မြင့်ပညာ ကျောင်းသားများနှင့် လူငယ်များအတွက် ဥပဒေအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁၁

ပဲခူးတက္ကသိုလ်၊ စုဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် အခြေခံပညာ/အဆင့်မြင့်ပညာ ကျောင်းသားများနှင့်လူငယ်များအတွက် ဥပဒေအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရေး လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးကို အလေးထားပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဥပဒေ၏အခြေခံသည် စည်းကမ်းဖြစ်ပြီး အခြေခံဥပဒေဆိုင်ရာ အသိအမြင်ရရှိစေရေး ပညာပေးမှုနှင့်ထိန်းကျောင်းမှုများကို ဆောင်ရွက်ရန်လိုအပ်မှာဖြစ်ကြောင်း၊ ဥပဒေပညာရပ်များကို သင်ကြားတတ်မြောက်ပြီးတဲ့အခါမှာလည်း လိုက်နာရမည့်အချက်တွေ ရှောင်ရှားရမည့်အချက်တွေကိုသိရှိပြီး စည်ကမ်းရှိစွာနေထိုင်တတ်သည့် အလေ့အကျင့်ကောင်းများ ပျိုးထောင်ပေးသွားရမှာဖြစ်ပြီး ပညာတွေတော်ပြီး ကိုယ်ကျင့်တရားမကောင်းပါက လူတော်လူကောင်းမဖြစ်နိုင်သည်ကို သတိချပ်စေလိုကြောင်း၊ ဥပဒေကိုမသိ၍ ပြစ်မှုကျူးလွန်ခဲ့သည်ဆိုသည့်အဖြစ်မျိုး မဖြစ်စေရေးအတွက် လူတိုင်းဥပဒေနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတရရှိစေရန် လိုအပ်မှာဖြစ်ပြီး အခြေခံအားဖြင့် မိမိတို့နိုင်ငံမှာ ပြဋ္ဌာန်းကျင့်သုံးနေသည့် ဥပဒေများအနက် သိသင့်သိထိုက်သည့် ဥပဒေတွေရဲ့ အဓိကအရေးကြီးသော သတ်မှတ်ပြဋ္ဌာန်းချက်များကို မှတ်သားသိရှိစေရေန် ဟောပြောပေးသွားမှာဖြစ်ကာ အထောက်အကူပြုလေ့လာနိုင်စေရေး ဥပဒေအနှစ်ချုပ်စာအုပ်များကို ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် ဥပဒေဘောင်အတွင်း အေးချမ်းစွာနေနိုင်ရေး တရားဥပဒေစိုးမိုးရေးတို့အတွက် ဥပဒေအသိရှိသူများ၊ ပညာတတ်သူငယ်များပေါ်ထွန်းလာစေရေး ဟောပြောမှုများကို အလေးထားမှတ်သားကြရန်နှင့်ဥပဒေဘောင်အတွင်းနေထိုင်ခြင်း၊ ဘေးကင်းရန်ကွာ ပြည်သာယာဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျင့်ကြံနေထိုင်သူများ ဖြစ်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ ဒုတိယတိုင်းဥပဒေအရာရှိ ဦးကျော်နန္ဒနှင့် ဒုတိယတိုင်းဥပဒေအရာရှိ ဒေါ်မို့မို့ဝင်းရွှေတို့က ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှ သိမှတ်ဖွယ်ရာများ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေမှသိမှတ်ဖွယ်ရာများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေမှသိမှတ်ဖွယ်ရာများ၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေမှသိမှတ်ဖွယ်ရာများနှင့် လောင်းကစားဥပဒေမှသိမှတ်ဖွယ်ရာများအား ရှင်းလင်းဟောပြောခဲ့ကြသည်။

အဆိုပါ အခြေခံပညာ/ အဆင့်မြင့်ပညာ ကျောင်းသားများနှင့်လူငယ်များအတွက် ဥပဒေအသိပညာပေးဟောပြောပွဲအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ကျောင်းသားလူငယ်များ မိမိတို့နိုင်ငံ၌ ပြဋ္ဌာန်းကျင့်သုံးနေသည့် ဥပဒေများကိုသိရှိနားလည်ပြီး ရှောင်ရှားသင့်သည့် အလေ့အကျင့်၊ အမူအကျင့်တွေ လိုက်နာဆောင်ရွက်ကြမည့်အချက်တွေကို လူငယ်ဘဝကတည်းကသိရှိပြီး စည်းကမ်းရှိသည့် လူငယ်လူရွယ်များဖြစ်စေရန် မျှော်မှန်းကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)