လိပ်သိုမြို့တွင် တစ်နိုင်တစ်ပိုင် လက်ဖက်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

လိပ်သို စက်တင်ဘာ ၁၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် နေထိုင်ကြသော ဒေသခံပြည်သူအချို့မှာ လက်ဖက်ပင်များကို နေအိမ်ခြံဝင်းများအတွင်းတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားခဲ့ကြရာမှ မိမိတို့ စားသုံးရန်အပြင် ပြန်လည်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေများ ရလျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့ပေါ်ရှိ အိမ်ခြံဝင်းကျယ်ရှိသော မိသားစုများမှာ ဒေသမျိုးလက်ဖက်ပင်များကို အိမ်ခြံစည်းရိုးများနှင့် မြေလွတ်နေရာများတွင် စိုက်ပျိုးထားကြပြီး လက်ဖက်ခြောက်၊ လက်ဖက်စိုများ အဖြစ် ပြုလုပ်စားသုံးရောင်းချလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဒေသထွက် လက်ဖက်ခြောက်၊ လက်ဖက်စိုများမှာ ဒေသတွင်း စားသုံးရန် လုံလောက်မှု မရှိသောကြောင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် အခြားမြို့ကြီးမှ မှာယူစားသုံးနေကြရသည်။ ဒေသခံအချို့က စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ရန် ကြိုးစားလျက်ရှိပြီး မျိုးကောင်း၊ မျိုးသန့် ရရှိရန်နှင့် စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်ရန်နှင့် နည်းပညာများရရှိရန် ကြိုးပမ်း လေ့လာလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)