သရက်ချောင်း စက်တင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးကြီးကြပ်မှုဖြင့် ဆရာ/ဆရာမများက သရက်ချောင်းမြို့၊ (အ-ထ-က) သရက်ချောင်းကျောင်း (ပညာရတနာခန်းမ)၌ ယနေ့နံနက် ၁၀ နာရီက ပြင်းထန်ဝမ်းလျှောဝမ်းပျက်ရောဂါကာကွယ်ရေးနှင့် Mpox (မျောက်ကျောက်)ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဇော်လွင်က ကျောင်းသား/သူများအား ပြင်းထန်ဝမ်းလျှောဝမ်းပျက်ရောဂါကာကွယ်ရေး၊ Mpox (မျောက်ကျောက်) ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းကာ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာမများက ကျောင်းသား/သူများအား ဝမ်းပျက်ဝမ်းလျှောရောဂါသည် မသန့်ရှင်းသောရေနှင့် အစားအစာများ စားသောက်မိရာမှတစ်ဆင့် ကူးစက်ဖြစ်ပွားကြောင်း၊ မိုးဦးကျကာလနှင့် မိုးအကုန်ဆောင်းအကူးတွင် အဖြစ်များကြောင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏာများအကြောင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေးနည်းလမ်းများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောပြီးနောက် မျောက်ကျောက်ရောဂါ သံသယလက္ခဏာများအကြောင်း၊ မျောက်ကျောက်ရောဂါကူးစက်ခံရနိုင်သည့် နည်းလမ်းများအကြောင်း၊ မျောက်ကျောက်ရောဂါကူးစက်မှုမှ ကာကွယ်နိုင်သည့်နည်းလမ်းများအကြောင်း၊ မျောက်ကျောက်ရောဂါဖြစ်နေသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်၍ ဆေးကုသမှုခံယူနိုင်ပါကြောင်း၊ ကျောင်းသား/သူများအနေဖြင့်လည်း နီးစပ်ရာ မိသားစုဝင်များ၊ သူငယ်ချင်းပေါင်းသင်းများနှင့် ဆွေမျိုးသားချင်းများအား လက်ဆင့်ကမ်း ပြောကြားစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပြီးနောက် အခမ်းအနားရုပ်သိမ်းလိုက်သည်။
ဟောပြောပွဲအပြီးတွင် သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဇော်လွင်နှင့် ဆရာမများက ကျောင်းတွင်းမုန့်ဈေးတန်းတွင် ကန့်သတ်ထားသော အစားအစာများရောင်းချခြင်း ရှိ/မရှိ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)