ဝါးခယ်မ စက်တင်ဘာ ၁၁
သာသနာတော်နှစ် ၂၅၆၈ နှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့၊ မင်းပိုင်းရပ်ကွက် ကွမ်းခြံကုန်းကျောင်းတိုက်၌ ဓမ္မရောင်ခြည်ဓမ္မဒါနဖောင်ဒေရှင်းနှင့် ဝါးခယ်မမြို့နယ် သင်တန်းဖြစ်မြောက်ရေးကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ဗုဒ္ဓဘာသာလူငယ် ယဉ်ကျေးမှု(နည်းပြ)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွပ်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဓမ္မရောင်ခြည် ဓမ္မဒါနဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် နည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ရာ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဒွိပိဋကဓရ ဘဒ္ဒန္တခေမာစာရ ကွမ်းခြံကုန်းကျောင်းတိုက် ဆရာတော်က အဖွင့်ဩဝါဒကထာမိန့်ကြားခြင်း၊ ဓမ္မရောင်ခြည် ဓမ္မဒါနဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးလှမျိုးအောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)