ထားဝယ်မြို့တွင်ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့်စာအုပ်စာစောင်များငှားရမ်းပေး

ထားဝယ်   စက်တင်ဘာ  ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  ဒေသခံပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များတင်ဆောင်၍ လှည့်လည် ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းနှင့် မီးသတ်ဦးစီးဌာနရုံးများသို့ သုတ/ရသစာအုပ် စာစောင်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်မိသားစုဝင်များ ငှားရမ်းဖတ်ရှုလိုသည့် သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ရာ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ပြီး စာပေဝါသနာရှင်များနှင့် စာဖတ်ပရိသတ်များ ငှားရမ်းဖတ်ရှုလိုပါက ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် မည်သူမဆို လာရောက်၍ အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။

ရွေ့လျားစာကြည့်တိုက် Mobile Library Bus တွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာ ဗဟုသုတများစွာရရှိမည့် သုတ/ရသစာအုပ် စာစောင်များ (၄၀၀) အုပ်ပါရှိပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို (၃)ရက်လျှင် တစ်ကြိမ်လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)