ငပုတောမြို့နယ် တောင်ကလေးတိုက်နယ်အဆင့် နယ်မြေမှူးဖလား ကျောင်းမိသားစု မိုးရာသီဘောလုံးပြိုင်ပွဲကွင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ငပုတော စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် တောင်ကလေးကျေးရွာအုပ်စု  တောင်ကလေး အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် တောင်ကလေးတိုက်နယ်အဆင့် နယ်မြေမှူးဖလား မိုးရာသီဘောလုံးပြိုင်ပွဲကွင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက အဆိုပါကျောင်းရှိ ကျောင်းဘောလုံးကွင်းအတွင်း ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် အ.ထ.က-တောင်ကလေး ကျောင်းအုပ်ဆရာကြီး ဦးဖြိုးရာဇာဦးက အဖွင့်အမှာစကား ပြောကြားရာတွင် အားကစားသမားများသည် ခေတ်ကို မြတ်ချေမပြတ်စေဘဲ အားကစားစိတ်ဓာတ်များ ရှင်သန်ထက်မြတ်စေရေးနှင့် လက်ရွေးစင်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးတို့အတွက် ပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး စစ်ကြောင်းမှူးက ဦးဆောင်၍ ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်း နေရာယူ၍  အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကာ  အလေးပြုကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။

ထို့နောက် ဖျော်ဖြေရေး အကအလှများဖြင့် ဖျော်ဖြေပေးနေမှုအား တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ဂုဏ်ပြုစုငွေများ ချီးမြှင့်ခဲ့သည်။ ထို့နောက် ပွဲစဉ်(၁) တောင်ကလေးအုပ်စု (က)အသင်းနှင့် ဇောင်လျားကျွန်းအုပ်စုအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)