မိုးညို စက်တင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်းများပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် "အောင်စေသတည်း"စာအုပ်ဖြင့် ယမန်နေ့မွန်းလွဲ(၂) နာရီက လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်စန္ဒာလင်းက စာဖတ်ဝိုင်းများပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင် ဦးမြင့်စိန်က "အောင်စေသတည်း" စာအုပ်မှ "ဘဝကိုတန်ဖိုးထား" ခေါင်းစဉ်ပါအကြောင်းအရာများကိုလည်းကောင်း၊ (Book Club)အဖွဲ့ဝင် ဦးစံလင်းက "အောင်စေသတည်း"နှင့် အမျိုးသမီးအသင်း(Women Club)အဖွဲ့ဝင် ဒေါ်သစ်သစ်ဦးက "အရည်အသွေး"စသည့် ခေါင်းစဉ်ပါအကြောင်းအရာများအား ဖတ်ကြားခဲ့ရာ စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် အဖွဲ့ဝင်များက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
ဘယ်လောက်ထွေပြားသည့် လုပ်စရာတွေများနေနေ ဘယ်လိုပဲအချိန်နည်းပြီး လုပ်ရကိုင်ရကျပ်သပ်တာမျိုးတွေကိုတွေ့ကြုံရပါစေ အောင်မြင်စွာဖြေရှင်းကျော်လွှားနိုင်ကြသည့် ပုဂ္ဂိုလ်များဟာ ရှင်းရှင်းလင်းလင်းတွေးတယ်၊ ရေးတယ်၊ တိတိကျကျပြောတယ်၊ လုပ်ဆောင်တယ်၊ ရှုပ်ရှုပ်ထွေးထွေးမလုပ်ဘူး သူ့လုပ်ငန်းစဉ်ထဲမှာ ကံရယ်၊ ဉာဏ်ရည်၊ ဝီရိယရယ်၊ ယုံကြည်ချက်နှင့် သတိရှိခြင်းတို့ ပါဝင်နေကြောင်း အဆိုပါစာအုပ်ကိုဖတ်ရှုခြင်းအားဖြင့် အောင်စိတ်ရှိသူတိုင်း အောင်မြင်မှုရစေရန်အတွက် အထောက်အပံ့ဖြစ်စေမှာဖြစ်ကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)