စေတုတ္တရာ စက်တင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၌ မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းကို ယနေ့ နံနက်ပိုင်း (၇) နာရီအချိန်က ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့က ရွှေပွင့်ဖြူယာဉ်လိုင်းဂိတ်ခရီးသွားပြည်သူများ၊ စေတုတ္တရာမြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်လာပြည်သူများကို ကွင်းဆင်းအသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်း အသိပညာပေးရာတွင် စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးကိုကိုဇင်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေး စောင့်ရှောက်မှုအသင်း၊ အမျိုးသမီးရေးရာ အသင်းအဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ရွှေပွင့်ဖြူဂိတ် ခရီးသွားမည်ပြည်သူများ၊ စေတုတ္တရာမြို့နယ် မြို့မဈေးသို့သွားရောက်၍ ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်လာ ပြည်သူများကို တွေ့ဆုံကာ မိုးရာသီကာလတွင် ဖြစ်ပွားသည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေးအတွက် မသန့်ရှင်းသောရေနှင့် မသန့်ရှင်းသော အစားအစာများကို စားသောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားလေ့ရှိသည့် အချိန်ကာလနှင့် ရောဂါလက္ခဏာများအကြောင်း၊ ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းများနှင့် ရောဂါဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာနများတင် အချိန်မီဆေးဝါးကုသမှုများ ခံယူကြရန်စသည့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဆွေးနွေးဟောပြောသည်။
ထို့နောက် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏာများနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရမည့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးကဏ္ဍများ ပါဝင်သော ဗီနိုင်းပိုစတာများကို ရွှေပွင့်ဖြူယာဉ်လိုင်းဂိတ်၊ ဈေးအတွင်းလူအများ မြင်သာသောနေရာများတွင် ချိတ်ဆွဲပြသခြင်း၊ အသိပေးနှိုးဆော်ခြင်းများ၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)