မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် e–Government အခြေခံရုံးလုပ်ငန်းဆိုင်ရာ ကွန်ပျူတာသင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

မကွေး စက်တင်ဘာ ၁၁

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် e–Government အခြေခံရုံးလုပ်ငန်းဆိုင်ရာ ကွန်ပျူတာသင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ ၉ ရက်နေ့နံနက်ပိုင်းက မကွေးမြို့ မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် သိပ္ပံကျောင်းများမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ပုဂ္ဂိုလ်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် e-Government စနစ်ဟာ နည်းပညာအားသာချက်ကို အသုံးပြုပြီး အစိုးရရဲ့လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြစ်ပြီး၊ e-Government စနစ်ကို အောင်မြင်အောင် တည်ဆောက်အသုံးပြုခြင်းဖြင့် အစိုးရ၏ ယန္တရားအရွယ်အစားကို လျှော့ချနိုင်ခြင်း၊ အစိုးရ၏လုပ်ငန်းများကို ကုန်ကျစရိတ်ပိုမိုသက်သာစွာဖြင့် ဆောင်ရွက်နိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိရန် ဆောင်ရွက်နိုင်ခြင်း၊ အဂတိလိုက်စားမှုကိုလျှော့ချနိုင်ခြင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်မြင့်မားအောင် ဆောင်ရွက်နိုင်ခြင်း၊ ပြည်သူလူထု၏ တုံ့ပြန်မှုကို အလွယ်တကူစစ်တမ်းကောက်ယူနိုင်ခြင်း၊ အစိုးရနှင့် အနယ်နယ်အရပ်ရပ်ရှိ ပြည်သူများအကြား အလှမ်းကွာဝေးမှုကို လျှော့ချနိုင်ခြင်း စသည်ဖြင့် မြောက်မြားလှသော အကျိုးကျေးဇူးများရရှိနိုင်တာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ e-Government ဖွံ့ဖြိုးတိုးတက်မှုအညွှန်းကိန်းဟာ ၂၀၂၀ ခုနှစ်မှာ ၁၄၆ ကနေ ၂၀၂၂ ခုနှစ်မှာ ၁၃၄ အထိ တိုးတက်လာပြီဖြစ်ပါကြောင်း၊ e-Government လုပ်ငန်းများဆောင်ရွက်ရာမှာ အစိုးရတစ်ခုတည်းဆောင်ရွက်လို့မရဘဲ ပြည်သူလူထုနှင့် ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းပါဝင်မှုကိုပါ ရယူဆောင်ရွက်နိုင်မှသာ မြန်မာနိုင်ငံရဲ့ e-Government ကဏ္ဍနဲ့ ICT ကဏ္ဍတစ်ရပ်လုံးဟာ လျင်မြန်စွာတိုးတက်လာပြီး ဒေသတွင်းနိုင်ငံများနှင့် ယှဉ်နိုင်သည့်အဆင့်တစ်ခုကို အချိန်တိုအတွင်း ရောက်ရှိနိုင်မှာဖြစ်ပါကြောင်း၊ ဒါကြောင့် ICT ပညာရပ်တွေကို တတ်မြောက်ထားခြင်းဟာ နယ်ပယ်များစွာရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို သိသိသာသာ အထောက်အကူဖြစ်စေပြီး အလုပ်အများစုကို စွမ်းဆောင်ရည်တိုးမြင့်စွာ ပြီးမြောက်နိုင်တဲ့အပြင် အွန်လိုင်းပညာရေး၊ အွန်လိုင်းစီးပွားရေး၊ အကောင့်နှင့် စာရင်းကိုင်ခြင်းအပါအဝင် စီးပွားရေးဝန်ဆောင်မှုများနှင့်ပတ်သက်သည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်တာကြောင့် ICT ပညာရပ်ဟာ တတ်မြောက်ထားသင့်တဲ့ ပညာရပ်တစ်ခုဖြစ်လို့ သင်တန်းဆင်းတဲ့ သင်တန်းသား/ သင်တန်းသူများအနေနဲ့ ရရှိပြီးတဲ့ ပညာရပ်အပေါ် စဉ်ဆက်မပြတ် ဆက်လက်ကြိုးစားလေ့ကျင့်နေမှသာ မိမိလုပ်ငန်းခွင်မှာ အလုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်းနှင့် e-Government လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရေးမှာ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် သွားကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းသင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုရရှိသော သင်တန်းသား၊ သင်တန်းသူ ၆ ဦးအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးအပ်ပြီး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းက သင်တန်းနည်းပြများအား၊ ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ပြီး၊ သင်တန်းဆင်းလက်မှတ်များအား လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးက ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများမှ ဝန်ထမ်းသင်တန်းသား၊ သင်တန်းသူ(၆၀)ဦး တက်ရောက်ခဲ့ပြီး၊ e–Government အခြေခံရုံးလုပ်ငန်းဆိုင်ရာ ကွန်ပျူတာသင်တန်းကို(၂၆-၈-၂၀၂၄)ရက်နေ့မှ (၆-၉-၂၀၂၄) ရက်နေ့အထိ (၂)ပတ်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်းနှင့် e–Government အခြေခံရုံးလုပ်ငန်းဆိုင်ရာ ကွန်ပျူတာသင်တန်းပြီးမြောက်ပြီဖြစ်၍ မိမိတို့၏ ရုံးလုပ်ငန်းများကို ယခင်ထက် ပိုမိုမြန်ဆန်စွာနှင့် မှန်ကန်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မောင်ညီညာ