ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ သီးနှံစုံလျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်

ကျွန်းလှ စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီ၌ သီးနှံစုံဧက (၇၉၀၀၀) ကျော် စိုက်ပျိုးပြီး လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ သီးနှံစုံစိုက်ပျိုးဖို့ (၇၆၈၇၃) ဧကလျာထားပြီး လက်ရှိအချိန်ထိ ၇၉၆၃၀ ဧက (၁၀၃ ဒသမ ၅၉) ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။  တောင်သူတွနဲ့ သီးထပ်စိုက်ပျိုးကြဖို့ ဆွေးနွေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

အဆိုပါ သီးနှံစုံစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များရရှိရေး ဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေး ကွင်းသရုပ်ပြပွဲများ ပြုလုပ်ခြင်း၊ သင်တန်းများ ဖွင့်လှစ်ခြင်း၊ ပိုးမွှားကျရောက်မှု ကင်းထောက်ခြင်းနှင့် စိုက်ပျိုးရေး အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ၃၄၀၉၈ ဧက၊ ပဲမျိုးစုံ ၁၆၉၅၀ ဧက၊ ဆီထွက်သီးနှံ ၇၃၁၉ ဧက၊ ကြံ ၅၁ ဧက၊ အခြားသီးနှံ ၁၉၆၆၃ ဧက၊ နှစ်ရှည်ပင် ၁၅၄၉ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို(ပြန်/ဆက်)