မကွေး စက်တင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး ၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကို (၅.၉.၂၀၂၄)ရက်နေ့မှ (၉.၉.၂၀၂၄)ရက်နေ့အထိ ကျင်းပပြီး တိုင်းဒေသကြီးအဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၉ ရက်နေ့ ညနေပိုင်းက မကွေးမြို့ ၊ မြို့တော်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် သန်းနိုင်ညွှန့်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြိုင်ပွဲဝင်များ တက်ရောက်ကြသည်။
ဦးစွာ ကျွန်တော့်ဆုတောင်း တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အခြေခံပညာ(၁၀-၁၅)နှင့် (၁၅-၂၀) အမျိုးသား၊ အမျိုးသမီး မဟာဂီတအဆိုပြိုင်ပွဲတွင် ဆုရရှိသူများနှင့် ဝါသနာရှင် မဟာဂီတအဆိုပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးက အခြေခံပညာ(၁၀-၁၅) အမျိုးသား၊ အမျိုးသမီး အဆို(ခေတ်ဟောင်း/ကာလပေါ်)ပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် မကွေးတပ်နယ်မှ တပ်မတော်အရာရှိများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဆုရရှိသူများအား ဆုများ ဆက်လက်ချီးမြှင့်ခဲ့ပြီး ပထမဆုရရှိသည့် ပြိုင်ပွဲဝင်များက ပြန်လည်သရုပ်ပြဖျော်ဖြေတင်ဆက်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး တိုင်းဒေသကြီးအဆင့် ပထမအကြိမ်ပြိုင်ပွဲမှ ယခု(၂၅)ကြိမ်မြောက်အထိ ကူညီဆောင်ရွက်ပေးခဲ့သည့် အသက်(၇၀)နှစ်အထက် ပညာရှင်ကြီးများအား ဂါရဝပြုလက်ဆောင်နှင့် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သူများအား ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ခဲ့သည်။
အဆိုပါ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ပြည်သူများ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် စက်တင်ဘာလ(၅)ရက်နေ့မှ (၉)ရက်နေ့အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်တွင် ခရိုင်(၆)ခရိုင်မှ အဆိုဘာသာရပ်ဆိုင်ရာ ပြိုင်ပွဲဝင်(၈၂)ဦး၊ အကဘာသာရပ်ဆိုင်ရာပြိုင်ပွဲဝင်(၃၉)ဦး၊ အရေးဘာသာရပ်ဆိုင်ရာပြိုင်ပွဲဝင်(၈)ဦး၊ အတီးဘာသာရပ်ဆိုင်ရာပြိုင်ပွဲဝင်(၃၀)ဦး၊ စုစုပေါင်း(၁၅၉)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ