အိမ်မဲမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

အိမ်မဲ စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြိုနယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ အ.ထ.က (၁) ကျောင်း၌ စက်တင်ဘာလ(၂၃)ရက်နေ့တွင် ကျင်းပမည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၂)နာရီအချိန်တွင် ကျင်းပခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို အ.ထ.က (၁)ကျောင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ ကော်မတီအလိုက် ပူးပေါင်းဆောင်ရွက်ကြရန်တို့ကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က အဆိုပါပွဲတော်တွင် ထည့်သွင်းကျင်းပမည့် ပြိုင်ပွဲများ၊ ပြခန်းများ၊ စာအုပ်စျေးရောင်းပွဲတော်များ၊ စာပေဟောပြောပွဲ၊ လူငယ်စကားဝိုင်းစသည်တို့ စည်စည်ကားကား ကျင်းပနိုင်ရေးအတွက် လုပ်ငန်းအစီအမံများ အကြောင်းတို့ကို အကျယ်တဝင့် ပြောကြားခဲ့သည်။

ဆက်လက်ပြီး အခမ်းအနားတက်ရာက်လာသူများက မိမိတို့ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအကြောင်းတို့ကို  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ မြို့ပေါ် (၅)ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။

ချစ်သက်လယ်(ပြန်/ဆက်)