ညောင်တုန်း စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းတွင် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း ပူးပေါင်းပါဝင် ကူညီဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၇)ရပ်ကွက်ရှိ မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းရုံး၌ ပြုလုပ်ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဦးမြတ်ဇော်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်မာလာမြင့်က လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းတွင် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း ပူးပေါင်းပါဝင် ကူညီဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းနှင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးမြတ်ဇော်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ စောရန်မျိုးနိုင်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ကရင်တိုင်းရင်းသား ဆရာ၊ ဆရာမများ စုစုပေါင်း(၆၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)