ကော့သောင်း စက်တင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က ကော့သောင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ခရိုင်နှင့်မြို့နယ်မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
အခမ်းအနားရှေးဦးစွာ ကျောင်းသူများက “လှလိုက်တဲ့တနင်္သာရီ” သီချင်းဖြင့် ကပြဖျော်ဖြေ၍ ကျောင်းသား၊ ကျောင်းသူလေးများက "ပညာဘဏ်တိုက်စာကြည့်တိုက်" သီချင်း သီဆိုဖျော်ဖြေ ခဲ့ကြသည်။
ယင်းနောက် အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က "ပြည်သူများမှန်ကန်သည့် အသိဉာဏ် ဗဟုသုတများ တိုးပွားစေရန်အတွက် စာဖတ်ကြရန်၊ စာဖတ်နိုင်သော ပတ်ဝန်းကျင်ကောင်းများ ဖန်တီးကြရန် နိုင်ငံတော်က အစဉ် အမြဲဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်၏ အနာဂတ်ကိုအသိပညာပြည့်ဝသည့် လူငယ်များနှင့် တည်ဆောက်ကြမည်ဆိုပါက ကမ္ဘာ့အလယ်၌ နိုင်ငံတကာကို ရင်ပေါင်တန်းနိုင်မည်ဖြစ် ကြောင်း၊ ယနေ့ခေတ်လူငယ်များ၏ဘဝသည် အလွန်အရေးကြီးပြီးပြုစု ပျိုးထောင်ပေးရန်လိုအပ်ကြောင်း၊ နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ယူထမ်းဆောင်မည့် လူငယ်များအနေဖြင့် အသိပညာ၊ အတတ် ပညာ၊ ဗဟုသုတနှင့် ကျင့်ဝတ်တန်ဖိုးများမျှဝေပေးရန်၊ အနာဂတ် လူ့ဘောင်အဖွဲ့အစည်းအား ၎င်းတို့၏ အတွေးအမြင်ကောင်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ လူငယ်များ ကာယ၊ ဉာဏ၊စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲများ၊ လူငယ်ရေးရာဟောပြောပွဲများ၊ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်များကို ပြန်ကြားရေးဝန်ကြီးဌာနက ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများသည် နိုင်ငံတော်အစိုးရတစ်ခုတည်းက ဆောင်ရွက်ကြရမည့်လုပ်ငန်းမဟုတ်ဘဲ လူ့အဖွဲ့အစည်းအသီးသီးက ပါဆောင်ရွက်ကြရမည့်လုပ်ငန်းဖြစ်ကြောင်း၊ အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်း တာဝန်ယူထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာပေဖတ်ရှု သည့်အလေ့အထများ ဖြစ်ပေါ်လာစေရန်၊ အသိဉာဏ်ပညာများကို အရင်းအနှီးပြုပြီးဘဝ ဖွံ့ဖြိုးတိုးတက်စေရန်စသည့်အချက်များနှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းပြည်၏ စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာကြည့်တိုက်များကို အသုံးချတတ်သည့် အလေ့ အကျင့်ကောင်းများ ရရှိစေရန်အတွက် ဆရာ၊ ဆရာမများက ဆောင်ရွက်ပေးကြရန်၊ အားလပ်ချိန်တွင် ကျောင်းစာကြည့်တိုက်၌ စာဖတ် သည့် အလေ့အထရရှိအောင် လေ့ကျင့်ပေးကြရန်လိုအပ်ကြောင်း "အမှာစကားပြောကြားခဲ့ သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနား ဆက်လက်ကျင်းပခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က ကျပန်းပြိုင်ပွဲမှ ဆုရကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစောမာတင်လူသာက စာဖတ်စွမ်းရည်ပြိုင်ပွဲ မှ ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခဲ့သည်။ ယင်းနောက် စစ်ဗျူဟာအဖွဲ့အခြေချ (ကော့သောင်း)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးတင်မောင်ကျော်က စာစီစာကုံး (အထက်တန်း)အဆင့်တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်က စာစီစာကုံး (အလယ်တန်း)အဆင့်တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ခရိုင် လဝကမှူးဦးကိုကိုနိုင်က ပုံပြင်ပြောပြိုင်ပွဲမှ ဆုရရှိသော ကျောင်းသား၊ကျောင်းသူများအားလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြတ်မင်းထွေးက ကဗျာရွတ်ဆိုပြိုင်ပွဲမှ ဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား ဆုချီးမြှင့်ခဲ့သည်။
ဆက်လက်၍ နှစ်သိမ့်ဆုရကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီးနှင့်ခရိုင်မှ တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များအသီး သီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ လှူဒါန်းရာ အ.ထ.က(၁)ကျောင်းအုပ်ဆရာမကြီးဒေါ်အေးလှက လက်ခံရယူသည်။
ထို့နောက် ကျပန်းပြိုင်ပွဲနှင့်ပုံပြောပြိုင်ပွဲတို့မှ ပထမဆုရရှိသော ကျောင်းသား၊ ကျောင်းသူများက ပြိုင်ပွဲဝင်ခေါင်းစဉ်များဖြင့် ပြန်လည်၍ သရုပ်ပြပြီးကျောင်းသား၊ ကျောင်းသူလေးများက “ဘက်စုံပညာကိုရည်တို့လမ်းချီ" သီချင်းဖြင့်သီဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီး တာဝန်ရှိသူများနှင့် ဆုရရှိသောကျောင်းသား၊ကျောင်းသူများအား မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)