ဒေးဒရဲမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကျင်းပ

ဒေးဒရဲ စက်တင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့အား အတတ်လည်းသင် ပဲ့ပြင်ဆုံးမ ဆရာများ၏ ဂုဏ်ကျေးဇူးကို သိတတ်နားလည်စေရန်နှင့် ကျေးဇူးရှင်မြတ်ဆရာများအပေါ် အစဉ်အလေးထား တန်ဖိုးထားစေရန် ရည်ရွယ်၍ ၂၀၂ ခုနှစ်၊ အောက်တိုဘာလ(၅)ရက်နေ့တွင် ရောက်ရှိမည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို ယမန်နေ့က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် ကျင်းပပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို အခြေခံပညာအထက်တန်းအဆင့် အလယ်တန်းအဆင့် ပြိုင်ပွဲများအဖြစ် ကျင်းပပေးလျက်ရှိပြီး ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နိုင်ကြရန် ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များက အနီးကပ်ကြီးကြပ်ပေးလျက်ရှိကြောင်း သိရသည်။ ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများသည် ခရိုင်အဆင့်နှင့် တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲများကို ဆက်လက်ဝင်ရောက် ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အေဇာလင်း(ပြန်/ဆက်)