ဖျာပုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေး

ဖျာပုံ  စက်တင်ဘာ   ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျောင်းသား/လူငယ်များ နိုင်ငံ့ အနာဂတ် လူစွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်မှုများ အရှိန်အဟုန်မြင့်မားလာစေရန် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ကျောင်းသား၊ကျောင်းသူများ စာအုပ်စာပေ ဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိလာသော အသိပညာ ဗဟုသုတများ ပြန်လည်မျှဝေနိုင်စေရန်နှင့် စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ဖျာပုံမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးရာတွင် ဖျာပုံမြို့နယ် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင်က စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ဆိုင်ရာ ကော်မတီအသီးသီး ဖွဲစည်းထားရှိမှုများနှင့် လုပ်ငန်းကော်မတီအဆင့်ဆင့်မှ တာဝန်ယူ ဆောင်ရွက်ရမည့်လုပ်ငန်းများအားရှင်းလင်းပြောကြားသည်။ ထို့နောက်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပရေးကော်မတီအတွင်းရေးမှူး ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေးနှင့်ဦးစီးအရာရှိ ဒေါ်မာမာလွင်တို့က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများအား အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားကြပြီး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများက ကဏ္ဍတစ်ခုခြင်း အလိုက်သိရှိလိုသည်များအား ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်