အမာ စက်တင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နေ့လယ် (၁)နာရီအချိန်က စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်လှယဥ်သိန်းက စာရေးဆရာ ဗန်းမော်တင်အောင်ရေးသားထားသည့် “ငသြ” စာအုပ်တွင်ပါရှိသည့် ငသြ အမည်ရှိ လယ်သမားသူပုန်ကြီးတစ်ဦးသည် ဗြိတိသျှကိုလိုနီနယ်ချဲ့များကို ခုခံတိုက်ခိုက်ခဲ့သည့် အကြောင်းများ၊ ဗြိတိသျှကိုလိုနီစနစ်ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်လပ်ရေး တောင်သူလယ်သမား စစ်ပွဲကြီး၏ အကြောင်းအရာအဖြစ်အပျက်များနှင့် ပတ်သက်သည့်အကြောင်းများကို ဦးဆောင်ဖတ်ကြား ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်း တက်ရောက်လာကြသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင် များကလည်း ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ရုံးတွင်းနံရံကပ်စာစောင်များတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး နံရံကပ်စာစောင်များ၊ လူကုန်ကူးမှုအန္တရာယ်နှင့်သက်ဆိုင်သော အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရာ စာဖတ်သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
အမာ(ပြန်/ဆက်)