လိပ်သို စက်တင်ဘာ ၁၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ်လူငယ် ကျောင်းသား၊ ကျောင်းသူများ ယဉ်ကျေးလိမ္မာသည့် လူငယ်လူရွယ်များဖြစ်လာစေရန်နှင့် စာပေဗဟုသုတတိုးပွားရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်မြင့်မြင့်အေးက ကျောင်းသား၊ကျောင်းသူများအား အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က လူငယ်ပညာပေး ဟောပြောပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များ၊ “ ယနေ့လူငယ်နောင်ဝယ်လူကြီး ” လူငယ်သည် လူကြီး၏ ဖခင် ဖြစ်သည်ဟူသော ဆိုရိုးစကားအရ လူငယ်တို့သည် လာမည့်အနာဂတ်ကာလတွင် တိုင်းပြည်၏ခေါင်းဆောင်၊ နိုင်ငံ၏ခေါင်းဆောင်များဖြစ်ကြရမည်မှာ မလွဲဧကန်ပင်ဖြစ်ကြောင်း၊ ယနေ့လူငယ်များသည် လေ့လာ၍ မကုန်နိုင်သော ဘ၀တက္ကသိုလ်ကြီးများဖြစ်သော စာကြည့်တိုက်များသို့ သွားရောက်၍ စာဖတ်ကြခြင်းဖြင့် စာဖတ်ခြင်း၏အကျိုးကို သိရှိလာကြမည်ဖြစ်ကြောင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ အသိပညာဗဟုသုတများနှင့် စပ်လျဉ်း၍ ပညာပေးဟောပြောခဲ့သည်။
ထို့နောက် အထွေထွေဗဟုသုတ သိမှတ်ဖွယ်ရာများ နံရံကပ်စာစောင်ပြသထားရှိမှုအား ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုမှတ်သား၍ သိလိုသည်များအား မေးမြန်းရာ မြို့ဦးစီးမှူးက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)