ဒေးဒရဲမြို့နယ် (Community Centre)ခန်းမ၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

ဒေးဒရဲ စက်တင်ဘာ ၁၀

ဧ​ရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ ရရှိနိုင်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းအား ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအကြောင်း အသိပညာပေးဟောပြောပွဲအား ယနေ့နံနက်(၁၁) နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မြင့်မြင့်ခိုင်က ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်စေရေး၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး အသိပညာပေးဟောပြောခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒေးဒရဲမြို့နယ်ဦးစီးမှူးရုံးက လဝကမှူး ဦးဝင်းမောင်နှင့် ဒုတိယလဝကမှူး ဦးဇင်ဖြိုးနိုင်တို့က လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူသည့် ရည်ရွယ်ချက်၊ သန်းခေါင်စာရင်းကောက်ယူမည့်လုပ်ငန်းများ၊ သန်းခေါင်စာရင်းကောက်ယူရာတွင် မှန်ကန်စွာဖြေဆိုရမည့်အချက်များနှင့် မေးခွန်းများကို မှန်ကန်စွာဖြေဆိုခြင်းဖြင့် နိုင်ငံတော်က ဒေသဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်လာသူများအား ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း