ကြံခင်းမြို့၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကြံခင်း စက်တင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် စံရာတိုက်စာချဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်လျက်ရှိသော မြတ်ရတနာစာချဓမ္မစကူးလ် သင်တန်းသား/သူများအား အသိပညာဗဟုသုတရရှိစေရန် ယနေ့နံနက်(၁၀)နာရီအချိန်က စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိ ပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စံရာတိုက်စာချဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော် ဦးဝိစိတ္တသာရက ဩဝါဒစကားမိန့်ကြားပြီး ဓမ္မစကူးလ်သင်တန်းဆရာမ ဒေါ်အိအိမွန်က အမှာစကား ပြောကြား ပါသည်။  ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် သားငယ်သမီးငယ်များအား ဗလငါးတန်ဖွံ့ဖြိုးလာစေရန်အတွက် မိမိတို့ဌာနအနေဖြင့်ဘက်ပေါင်းစုံမှ အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ပြုလုပ်ပေးလျက်ရှိပါကြောင်း၊ အနာဂတ်၏မျိုးဆက်သစ် သားကောင်းရတနာများ ပေါ်ထွန်းလာစေရန်နှင့် လူအများရှေ့တွင် ပြောဆိုဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး ရည်ရွယ်ချက်များစွာဖြင့် ပြုလုပ်ပေးလျက်ရှိပါကြောင်းနှင့် စာဖတ်ခြင်းမှရရှိသော အကျိုးကျေးဇူးများအားရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြတ်ရတနာစာချ ဓမ္မစကူးလ် သင်တန်းသား/သူများအား ပုံပြင်စာအုပ်များထဲမှ မိမိကြိုက်နှစ်သက်ရာ ပုံပြင် စာအုပ်အားဖတ်စေခြင်း၊ စာဖတ်ဝိုင်းများ ပြုလုပ်ပေးပြီးနောက်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာဖတ်ရှုကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)