ဒေးဒရဲ စက်တင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များအတွက် မူဝါဒများ ချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ ရရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်မည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံကျသည့် လူဦးရေစာရင်းများ တိကျစွာရရှိရေး၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးရေးအတွက် ကော်မတီဝင်ဌာနများအနေဖြင့် ညှိနှိုင်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး ဦးနိုင်ဦးလှိုင်က မြို့နယ်အတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးနှင့် စာရင်းကောက်အဖွဲ့များ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် သင်တန်းများ ဖွင့်လှစ်ပေးသွားမည့်လုပ်ငန်းများ၊ စာရင်းကောက်ယူရာတွင် လူဦးရေစာရင်းများ တိကျစွာ ရရှိနိုင်ရေး ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် ကြီးကြပ်တာဝန်ပေးအပ်ခြင်း၊ အထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် အများပြည်သူ ပူးပေါင်းပါဝင်လာနိုင်စေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာ ကော်မတီဝင်များက လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ သန်းခေါင်စာရင်း ရည်ညွှန်းချိန် ၂၀၂၄ ခုနှစ် စက်တင်ဘာ(၃၀)ရက်နေ့ ညဥ့်သန်းခေါင်ယံ ရည်ညွှန်းချိန်မှစတင်၍ စာရင်းကောက်အဖွဲ့ (၃၉)ဖွဲ့က စာရင်းကောက်ကွက် (၅၅၂)ကွက်ဖြင့် ရပ်ကွက်နှင့် ကျေးရွာများရှိ နေထိုင်သူများအားလုံးကို မထပ်မကျန်စာရင်းကောက်ယူနိုင်ရန် ရပ်ကွက်/ကျေးရွာများအလိုက် Mobile Tablet ဖြင့် (၁.၁၀.၂၀၂၄) မှ (၁၅.၁၀.၂၀၂၄) ထိ ကောက်ယူသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန ဒေးဒရဲမြို့နယ်ဦးစီးမှူးထံမှ သိရသည်။
အေဇာလင်း(ပြန်/ဆက်)