ဝေါမြို့နယ်၊‌ ညောင်ကိုင်းကျေးရွာ အ.ထ.က(ခွဲ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ဝေါ အောက်တိုဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ညောင်ကိုင်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ညောင်ကိုင်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်မိုးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လိမ္မာယဥ်ကျေးစွာပြောဆိုဆက်ဆံတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချင်းချင်းအပြန်အလှန်ဆွေးနွေးတတ်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန်နှင့် စာအုပ်စာပေများကို ပိုမိုဖတ်ရှုလေ့လာနိုင်ကြစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်းက ပေါင်းဆက်ညှိနှိုင်ပေးသူအဖြစ်ဆောင်ရွက်ပေးပြီး၊ အ.ထ.က(ခွဲ) ညောင်ကိုင်းကျောင်းမှ Grade (10) ကျောင်းသား မောင်မင်းထက်ပိုင်က ကျောင်းဆရာအလုပ် အင်မတန်မွန်မြတ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(11) ကျောင်းသား မောင်မိုးအာကာက အလုပ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade (10) ကျောင်းသူ မနှင်းဆီက နန်းစဉ်ပတ္တမြားငမောက်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade (10) ကျောင်းသူ မဝင်းဇာသင်းက အောင်မြင်မှုသည် ကံကြောင့်ဖြစ်သည်ခေါင်းစဥ်ဖြင့်လည်း‌ကောင်း၊ Grade (10) ကျောင်းသူ မအိနန္ဒာအောင်က အဆင့်မြင့်နေသူခြင်းသာတကယ်အဖော် စသည့်ခေါင်းစဉ်တို့ဖြင့်  ဦးဆောင် ဆွေးနွေးခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းတွင်ပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ပြော‌ကြားခဲ့ကြပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သိမှတ်ဖွယ်ရာနံရံကပ်စာစောင်များနှင့် လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားကြကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)