သံတောင်ကြီးဒေသထွက် လက်ဖက်စိုများ ဝယ်လိုအားကောင်းပြီးဈေးကောင်းရရှိ

သံတောင်ကြီး စက်တင်ဘာ ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်မြို့ဖြစ်သည့်အားလျော်စွာဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် စိုက်ပျိုးရေးကို အဓိကလုပ်ဆောင်လျက်ရှိရာ လက်ဖက်စိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ယခုမိုးတွင်းအချိန်ဖြစ်သော်လည်း လက်ဖက်စိုများဝယ် လိုအားကောင်းပြီး ဈေးကောင်းရရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့သည် အမြင့်ပေ (၄၀၀၀) အထက်ရှိပြီး အအေးပိုင်းဒေသဖြစ်သည့်အတွက် လက်ဖက်ပင်များစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။ လက်ဖက်ပင်များစိုက်ပျိုးပြီး(၅)နှစ် ခန့်တွင် လက်ဖက်ရွက်နုများခူးယူပြီး လက်ဖက်စို၊ လက်ဖက်ခြေက်၊ အချို ခြောက်စသည်ဖြင့် ပြုလုပ်ကြသည်။ ယခုမိုးတွင်းအချိန်တွင် လက်ဖက်စိုက်ပျိုးတောင်သူများအနေဖြင့်  လက်ဖက်ရွက် အနုများခူးယူကာ လက်ဖက်စိုများပြု လုပ်ရောင်းချလျက်ရှိသည်။

သံတောင်ကြီးဒေသတွင် လက်ဖက်စိုများမှာပြုလုပ်ရာတွင် ဓာတုပစ္စည်းများ အသုံးပြုခြင်းမရှိပဲ သဘာဝလက်ဖက်စိုများသာ ပြုလုပ်သည့်အတွက် အထားခံခြင်းတို့ကြောင့် ဝယ်လိုအားကောင်းပြီး ယခုအချိန်တွင် သံတောင်ကြီးဒေသထွက် လက်ဖက်စိုတစ်ပိဿာလျှင်ကျပ် (၆၀၀၀)ထိ ရရှိသည့်အတွက် လက်ဖက်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သည့် တောင်သူများမှာ လက်ဖက်ပင်များကို ပိုမိုစိုက်ပျိုးလာခဲ့ကြောင်း သိရသည်။

နော်နော်မူ