ညောင်တုန်းမြို့၌ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

မအူပင် စက်တင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ရောင်းချနေသော ဆေးဆိုင်များအား ယမန်နေ့နံနက်ပိုင်းက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဌာနဆိုင်ရာပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် ညောင်တုန်းမြို့ပေါ်ရှိ ဆေးဆိုင်(၈)ဆိုင်အား ဆေးဝါးများပြတ်လပ်မှု ရှိ၊ မရှိစစ်ဆေးခြင်း၊ ရောင်းချသည့် ဈေးနှုန်းအခြေအနေအား မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဆေးဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်ခြင်းမရှိသော်လည်း ထပ်မံမှာယူရသော ဆီးချိုဆေးနှင့် သွေးကျဆေးများမှာယူရာတွင် ကြန့်ကြာခြင်းမျိုးသာရှိခြင်း၊ ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းများသည် ယခင်အပတ်က အနည်းငယ်တက်သော်လည်း ယနေ့ဆေးဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ကြသည်။

အဆိုပါကွင်းဆင်းစစ်ဆေးမှုအား ညောင်တုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)