ရှမ်းရွာသစ် စက်တင်ဘာ ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အကြိုအထိမ်းအမှတ်အဖြစ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက ကျောင်းသား၊ကျောင်းသူ လူငယ်လေးများ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ရှိစေရန်၊ စာဖတ်ခြင်းဖြင့် စာပေ၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်၊ စာကြည့်တိုက်သည် အသိပညာဗဟုသုတပေးစွမ်းသည့် နေရာတစ်ခုဖြစ်ကြောင်း သိရှိစေရန်နှင့်နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲ များကျင်းပပြုလုပ် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၀)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများကိုလည်း အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ဗဟုသုတရရှိစေရေး ဟော ပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇင်လေး (ပြန်/ဆက်)